တရားမဝင် ကျောက်စိမ်း၊ စားသောက်ကုန်၊ လူသုံးကုန်၊ လျှပ်စစ်ပစ္စည်းများ၊ ဆက်သွယ်ရေးပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ








နေပြည်တော် ဇန်နဝါရီ ၁၄


တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာတွင်  အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျအကောက်ခွန်အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဇန်နဝါရီ ၁၁ ရက်တွင်  ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ခရီးသည်ဝန်စည်များအတွင်းမှ သက်ဆိုင်ရာ တင်သွင်းခွင့်ထောက်ခံချက်မပါရှိသော MI Walkie-Talkie (၆)လုံး၊ ကျောက်စိမ်းဟု ယူဆရသော ဆွဲသီးအသေး(၂၄၅)ခုအပါအဝင် ကုန်ပစ္စည်း(၁၀)မျိုး(ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၀၀၀,၀၀၀)ကိုလည်းကောင်း၊ ဇန်နဝါရီ ၁၂ ရက်တွင်  မြန်မာစက်မှုဆိပ်ကမ်းကုန်သေတ္တာစစ်ဆေးရေး စခန်း၌ ကုန်သေတ္တာ(၁)လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထားခြင်းမရှိသော Polymex Powder (၂၀၀၀)ကီလိုဂရမ် အပါအဝင်ကုန်ပစ္စည်း(၂)မျိုး(ခန့်မှန်းတန်ဖိုးငွေကျပ် ၈,၄၀၀,၀၀၀)ကို လည်းကောင်း၊ မြဝတီ-ဘားအံ-ရန်ကုန်လမ်းကြောင်းအတိုင်း မောင်းနှင်လာသည့် မော်တော်ယာဉ်(၁)စီး ပေါ်မှ သွင်းကုန်ကြေညာလွှာ (ID)တွင် ကြေညာထားသည်နှင့်ကိုက်ညီမှုမရှိသော LED BULB များ၊ SOLAR BULB များ အပါအဝင် ကုန်ပစ္စည်း(၈)မျိုး(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀,၂၃၄,၁၆၄)နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသော MITSUBISHI FUSO အမျိုးအစား မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၀,၀၀၀,၀၀၀)ကို လည်းကောင်း၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၇၁,၆၃၄,၁၆၄)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။


အလားတူ ဇန်နဝါရီ ၁၂ ရက်တွင် ရှမ်းပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကျိုင်းတုံမြို့နယ်၊ နောင်နွန်ပူးပေါင်းစစ်ဆေးရေးဂိတ်၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မော်တော်ယာဉ်(၃)စီးပေါ်မှ တင်သွင်းခွင့်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသော စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်း(၂၂)မျိုး(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃,၃၂၂,၅၀၀)နှင့် အဆိုပါကုန်ပစ္စည်းများတင်ဆောင်လာသော မော်တော်ယာဉ်(၃)စီး(ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၂၀,၀၀၀,၀၀၀)၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၃,၃၂၂,၅၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။


ထို့အတူ ဇန်နဝါရီ ၁၃ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး အကောက်ခွန်ဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာန တို့ ပါဝင်သော ပူးပေါင်းအဖွဲ့က ထုံးဘိုလမ်းမကြီးဘေး၊ ကံဦးစေတီလမ်း၊ ဒေါင်းရွေးကျေးရွာရှိ မြေစိုက်ဂိုထောင်အတွင်း ဝင်ရောက်စစ်ဆေးခဲ့ရာ တင်သွင်းခွင့်အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသော စက်မှုကုန်ကြမ်း အဝတ်အထည်များ(ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၄,၀၀၀,၀၀၀)ကို ဖမ်းဆီး ရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။


သို့ဖြစ်ပါ၍ ဇန်နဝါရီလ ၁၁ ရက်၊ ၁၂ ရက်နှင့် ၁၃ ရက်နေ့တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၄) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၈,၉၅၆,၆၆၄) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက် ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.