စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေး၊ သီးနှံအရည်အသွေး မြင့်မားရေးနှင့် စျေးနှုန်း သေချာမှုရှိပြီး ရင်းနှီးမြုပ်နှံလုပ်ကိုင်ရမှုနှင့် ထိုက်သင့်သည့် အကျိုးခံစားနိုင်ရန် ပါဝင်ပတ်သက်သူအားလုံး တက်ညီလက်ညီ ဆောင်ရွက်ကြရန်လို




နေပြည်တော် ဇန်နဝါရီ ၁၄


စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေး၊ သီးနှံအရည်အသွေး မြင့်မားရေးနှင့် စျေးနှုန်း သေချာမှုရှိပြီး ရင်းနှီးမြုပ်နှံလုပ်ကိုင်ရမှုနှင့် ထိုက်သင့်သည့် အကျိုးခံစားနိုင်ကြစေရန် လယ်ယာကဏ္ဍလုပ်ငန်း ကွင်းဆက်တစ်လျောက် ပါဝင်ပတ်သက်သူအားလုံး တက်ညီ လက်ညီ ဆောင်ရွက်ကြရန်နှင့် စိုက်ပျိုးထုတ်လုပ်သူ တောင်သူအစုအဖွဲ့များနှင့် ကြိတ်ခွဲ ရောင်းဝယ်သူများအကြား ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရေး ကြိုးပမ်းကြရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က တိုက်တွန်းပြောကြားသည်။


ဒုတိယဝန်ကြီးသည် ယမန်နေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဒေသခံလုပ်ငန်းရှင်များ၊ တောင်သူ များနှင့်တွေ့ဆုံစဉ် ထိုသို့တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။


ထို့ပြင် ဒုတိယဝန်ကြီးက မကွေးတိုင်းဒေသကြီးအတွင်း စပါး၊ ဆီထွက်သီးနှံ၊ ပဲမျိုးစုံ နှင့် ဝါသီးနှံကို အဓိကစိုက်ပျိုးထုတ်လုပ်လျက်ရှိကြောင်း၊ မိုးစပါး ဧက(၆)သိန်းကျော်နှင့် နွေစပါးဧက(၅)သောင်းကျော်အထိ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းအားပေးလျက်ရှိကြောင်း၊ နွေစပါး ဧက(၂၅၀၀၀)ကို နိုင်ငံ့ စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်ပေးခြင်းဖြင့် တိုင်းဒေသကြီး၏ ဆန်စပါးထုတ် လုပ်မှု တိုးတက်ရေးနှင့်အတူ တောင်သူတစ်ဦးချင်း၏ ဝင်ငွေမြင့်မားလာရေးအတွက်လည်း ရည်ရွယ်ဆောင် ရွက်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။


အဆိုပါတွေ့ဆုံပွဲတွင် မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးက နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် နွေစပါးစီမံကိန်းလုပ်ငန်း များနှင့်စပ်လျဉ်း၍ ‌ဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း၊ မြို့နယ်လုပ်ငန်း ကြီးကြပ်မှုကော်မတီဝင်က မြို့သစ်မြို့နယ်အတွင်း  နွေစပါးစီမံကိန်း လုပ်ငန်းဆောင်ရွက် နေမှုကိုလည်းကောင်း ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာသည့် လုပ်ငန်းရှင်များ၊ တောင်သူများက လုပ်ငန်းလိုအပ်ချက်နှင့် သိရှိလိုသည်များကို ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက တာဝန်ရှိသူများနှင့် ပေါင်းစည်ညှိနှိုင်းဆောင်ရွက်ပေးသည်။


အလားတူ ဒုတိယဝန်ကြီးသည် မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ဒေသခံ လုပ်ငန်းရှင်များ၊ တောင်သူများနှင့်တွေ့ဆုံပြီး နွေစပါးသီးနှံအတွက် လျာထားဆောင်ရွက်နိုင်မည့် ရေမြေသဘာဝအခြေအနေနှင့် အခွင့် အလမ်းများ၊ နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် နွေစပါးစီမံကိန်း လုပ်ငန်းများ အောင်မြင်ရေးအတွက် ဌာနဆိုင်ရာ၊ ပုဂ္ဂလိကနှင့် တောင်သူများ ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ချက်များ၊ ရေသယံဇာတ၊ မြေသယံဇာတများကို ထိရောက်စွာ အသုံးချပြီး သီးထပ်စိုက်ဧကများ တိုးတက်ရေး စီမံဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားကာ လုပ်ငန်းရှင်များ၊ တောင်သူများ၏ လိုအပ်ချက်များ ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။


နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် နွေစပါးစီမံကိန်းလုပ်ငန်းမှ တောင်သူများ၏ နွေစပါးစိုက်ပျိုးထုတ်လုပ်မှုတွင် သွင်းအားစုများ ထည့်သွင်းအသုံးပြုနိုင် ရေး၊ ‌သီးနှံဈေးနှုန်းနှင့် ဈေးကွက်သေချာရေး စီမံဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ စိုက်ပျိုးရေ ရရှိရေး၊ မျိုးကောင်းမျိုးသန့် အသုံးပြုနိုင်ရေး၊ နည်းပညာနှင့် လိုအပ်ချက်များကို သက်ဆိုင် ရာဌာနများက ကူညီဆောင်ရွက်ပေးခြင်းဖြင့်  တောင်သူများ ဝင်ငွေပိုမိုရရှိမှုနှင့်အတူ စီမံကိန်းတွင် ပါဝင်သော အစုအဖွဲ့အားလုံး အကျိုးအမြတ်ကိုယ်စီရရှိစေရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနက ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 


သတင်းစဉ်

No comments

Powered by Blogger.