မောင်တောမြို့ရှိ မြို့ဦးရွှေစည်းခုံဆံတော်မြတ် စေတီတော်ကြီး၌ ရွှေထီးတော်သစ် တင်လှူပူဇော်

 


 

မောင်တော     မတ်     ၂၂

 

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ မြို့ဦးရွှေစည်းခုံဆံတော်မြတ် စေတီတော်ကြီးတွင် ရွှေထီးတော်သစ် တင်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓဘိသက အနေကဇာတင်လှူ ပူဇော်ခြင်းကို မတ် ၂၂ ရက် နံနက်ပိုင်းက အဆိုပါ စေတီတော်မြတ်ကြီးတွင် ပြုလုပ်ရာ နယ်မြေခံစစ်ဆင်ရေး ကွပ်ကဲရေးမှူး  ဗိုလ်မှူးချုပ်သူရိန်ထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ ပင့်သံဃာများနှင့် ဧည့်ပရိသတ်တို့က နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး  သုံးမိုင်ပရဟိတနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတိုက် ဦးစီးပဓာနနာယက မြို့နယ် ဩဝါဒါစာရိယ မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစန္ဒာသီရိထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ထို့နောက် သံဃာတော် အရှင်သူမြတ်များထံမှ မေတ္တာသုတ် တရားတော်များ နားယူပြီး မြို့ဦး ရွှေစည်းခုံ ဆံတော်မြတ် စေတီတော်မြတ်ကြီးတွင် တင်လှူပူဇော်မည့် ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ စိန်ဖူးတော် တို့ကို ဆရာတော် သံဃာတော်များထံ နယ်မြေခံ စစ်ဆင်ရေး ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်သူရိန်ထွန်း၊ အမှတ်(၃) နယ်ခြားစောင့် ရဲကွပ်ကဲမှူး အဖွဲ့ခွဲမှူး ရဲမှူးကြီး နေစိုးအေး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးကျော်သူဝင်းနှင့် တာဝန်ရှိသူများက ဆက်ကပ်လှူဒါန်းသည်။

 

ယင်းနောက် မြို့နယ်သံဃနာယကအဖွဲ့ အဖွဲ့ဝင် အောင်မြေဗောဓိသာသနာ့ရိပ်သာ (အလိုတော်ပြည့်) ကျောင်း ပဓာန နာယက ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တမဏိသာရထံမှ အနုမောဒနာတရား နာယူ၍ ရေစက်သွန်းချ အမျှပေးဝေကာ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွက်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်း ခဲ့သည်။ ဆက်လက်၍  မြို့ဦးရွှေစည်းခုံဆံတော်မြတ်စေတီတော်ကြီးတွင် အသစ်ပြန်လည်တင်လှူမည့် စိန်ဖူးတော်၊ ရွှေငှက်မြတ်နားတော်၊ ရွှေပန်းခိုင်၊ ရွှေထီးတော်တို့ကို တာဝန်ရှိသူများနှင့် အလှူရှင်များက လက်ယာရစ် သုံးပတ် လှည့်လည်ပူဇော်ပြီး ရွှေထီးတော် ဘုံအဆင့်များကို အစီအစဉ်တကျ တင်လှူပူဇော်ခဲ့ကြသည်။

 

အောင်ကျော်စိန်၊ သက်လွင်စိုး (ပြန်/ဆက်)

No comments

Powered by Blogger.