(၅၈)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ပထမနေ့ စတင်ကျင်းပ




နေပြည်တော် မတ် ၁၇


(၅၈)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ပထမနေ့ကို မတ် ၁၇ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပရာ ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များဖြင့် စည်ကားလျက်ရှိသည်။ 


ရတနာပြပွဲတွင် ပုလဲအတွဲပေါင်း ၂၉၅ တွဲ၊ ကျောက်မျက်အတွဲပေါင်း ၁၂၀ နှင့် ကျောက်စိမ်းအတွဲပေါင်း ၂၁၅၀ တို့ကို ပြည်တွင်း၊ ပြည်ပရတနာ ကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေး သွားမည်ဖြစ်သည်။ ပုလဲအတွဲများကို မတ် ၁၇ ရက်တွင် စတင်ခင်းကျင်းပြသပြီး မတ် ၁၈ ရက်နှင့် ၁၉ ရက်များတွင် အိတ်ဖွင့်တင်ဒါစနစ်ဖြင့်လည်းကောင်း၊ ကျောက်မျက်အတွဲများကို မတ် ၁၇ ရက်မှ ၁၉ ရက်အထိ ခင်းကျင်းပြသပြီး မတ် ၂၀ ရက်တွင် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် လည်းကောင်း၊ ကျောက်စိမ်း အတွဲများကို မတ် ၁၇ ရက်မှ ၂၀ ရက်အထိ ခင်းကျင်းပြသပြီး မတ် ၂၁ ရက်မှ ၂၃ ရက်အထိ အိတ်ဖွင့် တင်ဒါစနစ်ဖြင့်လည်းကောင်း ရောင်းချပေးသွားမည်ဖြစ်သည်။


ယခုပြပွဲတွင် ပုလဲအတွဲများကို အမေရိကန်ဒေါ်လာဖြင့် အခြေခံဈေးထားရှိပြီး တန်ဖိုးငွေပေးချေရာတွင် ပြည်ပကုန်သည်များသည် အမေရိကန်ဒေါ်လာ၊ ယူရို၊ ယွမ်နှင့် ထိုင်းဘတ်ငွေတို့ဖြင့်လည်းကောင်း၊ ပြည်တွင်းကုန်သည်များသည် မြန်မာကျပ်ငွေဖြင့် လည်းကောင်း၊ ကျောက်မျက်နှင့် ကျောက်စိမ်း အတွဲများကို ယူရိုငွေဖြင့် အခြေခံဈေး ထားရှိပြီး ကျောက်မျက်အတွဲများအတွက် တန်ဖိုးငွေ ပေးချေရာတွင် ပြည်ပကုန်သည်များ သည်အမေရိကန်ဒေါ်လာ (သို့မဟုတ်) ယွမ်ငွေ (သို့မဟုတ်) ထိုင်းဘတ်ငွေတို့ဖြင့် လည်းကောင်း၊ ပြည်တွင်း ကုန်သည်များသည် မြန်မာကျပ်ငွေဖြင့် လည်းကောင်း၊ ကျောက်စိမ်းအတွဲများအတွက် တန်ဖိုးငွေပေးချေရာတွင် နိုင်ငံခြားငွေဖြင့်သာပေးချေရမည့် ကျောက်စိမ်း အတွဲများအတွက် ပြည်တွင်း၊ ပြည်ပ ကုန်သည်များသည် အမေရိကန် ဒေါ်လာ (သို့မဟုတ်) ယွမ်ငွေ (သို့မဟုတ်) ထိုင်းဘတ်ငွေတို့ဖြင့်လည်းကောင်း၊ နိုင်ငံခြားငွေ (သို့မဟုတ်) မြန်မာကျပ်ငွေဖြင့် ပေးချေရမည့် ကျောက်စိမ်းအတွဲများအတွက် ပြည်တွင်းကုန်သည်များသည် မြန်မာကျပ်ငွေဖြင့် လည်းကောင်း၊ ပြည်ပကုန်သည်များသည် အမေရိကန်ဒေါ်လာ (သို့မဟုတ်) ယွမ်ငွေ (သို့မဟုတ်) ထိုင်းဘတ်ငွေတို့ဖြင့်လည်းကောင်း ပေးချေနိုင်ကြောင်း သိရသည်။ 

 

အောင်ရဲသွင်

No comments

Powered by Blogger.