ရှမ်းပြည်နယ်၏ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး




နေပြည်တော် မတ် ၁၇


ရှမ်းပြည်နယ်၏ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ဌာန၊ ပုဂ္ဂလိက၊ တောင်သူ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို မတ် ၁၆ ရက်က တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ် စိုက်ပျိုးရေး ဦးစီးဌာနမှူးရုံး၌ ကျင်းပခဲ့သည်။


ဆွေးနွေးပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က “ရှမ်းပြည်နယ်သည် ဆန်စပါး၊ ဆီထွက်သီးနှံ၊ ပဲမျိုးစုံနှင့် ရာသီသီးနှံ၊ နှစ်ရှည်သီးနှံများ၊ ဥယျာဉ်ခြံသီးနှံများ၊ ဟင်းသီးဟင်းရွက်နှင့် ပန်းမျိုးစုံတို့ကို အောင်မြင်ဖြစ်ထွန်းစွာ စိုက်ပျိုးထုတ်လုပ်ပြီး အခြားသော တိုင်းဒေသကြီး ပြည်နယ်များနှင့် ပြည်ပဈေးကွက်များသို့ တင်ပို့ရောင်းချလျက်ရှိသည့် လယ်ယာကုန်ထုတ်လုပ်ငန်းအတွက် ရေခံမြေခံကောင်းသော ဒေသတစ်ခုဖြစ်ကြောင်း၊ အဆိုပါ ရေသယံဇာတ၊ မြေသယံဇာတ အခြေခံကောင်းများကို ရေရှည်တည်တံ့ အသုံးပြုနိုင်ရေးနှင့် တောင်သူများအတွက် အကျိုးစီးပွားပိုမို ဖြစ်ထွန်းစေမည့် တန်ဖိုးမြင့်သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် တောင်သူများ ပူးပေါင်းပါဝင်သော နည်းပညာနှင့် အသိပညာပြန့်ပွားရေး လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။


အလားတူ မျိုးစေ့ထုတ်လုပ်ငန်းနှင့် လက်တွေ့အသုံးချ သုတေသနလုပ်ငန်းများတွင် ဌာန၊ ပုဂ္ဂလိက၊ တောင်သူတို့ ဟန်ချက်ညီ ပူးပေါင်းလုပ်ကိုင်နိုင်ရေး အလေးထားဆောင်ရွက်ကြစေလိုကြောင်း၊ နည်းပညာပေး လုပ်ငန်းများတွင် တောင်သူ၏ လိုလားချက်၊ လိုအပ်ချက်နှင့် တုံ့ပြန်ချက်များကို လေ့လာပြီး အကောင်းဆုံး ချဉ်းကပ်ကူညီပေးနိုင်ရေး၊ ခေတ်မီ စိုက်ပျိုးနည်းပညာအပေါ် တောင်သူများ အမှန်တကယ် လက်ခံကျင့်သုံး လာစေရေး ကြိုးပမ်းကြရန်လိုကြောင်း၊ တောင်သူ၏ ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာမှသာ နည်းပညာပြန့်ပွားရေး လုပ်ငန်း အောင်မြင်မည်ဖြစ်ပြီး လယ်ယာကဏ္ဍလည်း သိသိသာသာ ပြောင်းလဲတိုးတက် လာမည်ဖြစ်၍ တောင်သူနှင့် အနီးကပ် ထိတွေ့ဆက်ဆံနေကြရသည့် ဝန်ထမ်းမှ အဆင့်ဆင့်သော တာဝန်ရှိသူများအားလုံး ကြိုးပမ်းစွမ်းဆောင်ပေးကြရန်” တိုက်တွန်းပါကြောင်း ပြောကြား သည်။


ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများက ဆောင်ရွက်ဆဲ လုပ်ငန်းများနှင့် ဘဏ္ဍာနှစ်အလိုက် လုပ်ငန်း လျာထားချက်များ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် နည်းပညာ ပြန့်ပွားရေးလုပ်ငန်းများ၊ သီးနှံအလိုက် မျိုးကောင်းမျိုးသန့်မျိုးစေ့များ အသုံးပြုနိုင်ရေးနှင့် အဓိကသီးနှံများ၏ ပန်းတိုင်အထွက်ရရှိရေး ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်ချက်များ ဖြည့်ဆည်းဆွေးနွေး မှာကြားခဲ့သည်။


သတင်းစဉ်

No comments

Powered by Blogger.