လယ်ဝေးမြို့နယ် လေဘေးသင့်ကျေးရွာများ ပြန်လည်ထူထောင်ရေး နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး ကွင်းဆင်းဆောင်ရွက်

နေပြည်တော် မေ ၃၀


နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးသည် မေ ၂၉ ရက် ညနေပိုင်းက လယ်ဝေးမြို့နယ်ရှိ လေဘေးသင့်ကျေးရွာများ ဖြစ်သည့် အောင်မြင်ကုန်းကျေးရွာနှင့် တံတားဦးကျေးရွာသို့ ရောက်ရှိပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။


ဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင်သည် အောင်မြင်ကုန်းကျေးရွာသို့ ရောက်ရှိပြီး ကျေးရွာအတွင်းရှိ ရွာလယ်လမ်းမနှင့် လမ်းသွယ်များ  လမ်းအကျယ်ချဲ့ရန်အတွက် တိုင်းတာနေမှုကို ကြည့်ရှုစစ်ဆေး၍ လမ်းနှင့် မလွတ်ကင်းသည့် အိမ်ပိုင်ရှင်များ၊ ကျေးရွာသူ ကျေးရွာသားများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ယာယီရှင်းလင်းဆောင်၌ တွေ့ဆုံညှိနှိုင်းရာ ရွာလယ်လမ်းမအကျယ် ၂၄ ပေ၊ ရွာတွင်းလမ်း ၁၈ ပေ အကျယ်လမ်းချဲ့ရန် ကျေးရွာသူ ကျေးရွာသားများနှင့် သဘောတူညီမှု ရရှိခဲ့သည်။


ဆက်လက်၍ နေပြည်တော်ကောင်စီအဖွဲ့ဝင်က ကျေးရွာပြည်သူများအနေဖြင့် နေအိမ်များအား အစိုးရမှထောက်ပံ့သော သွပ်နှင့် သစ်တို့အား အသုံးပြု၍ အမြန်ဆုံးဆောက်လုပ်ကြရန်၊ လမ်းချဲ့ခြင်းလုပ်ငန်းအား သက်ဆိုင်ရာဌာနမှ အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် လမ်းချဲ့ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးပါက လျှပ်စစ်ဌာနမှ လျှပ်စစ်ဓာတ်တိုင်များအား အမြန်ဆုံးဆောင်ရွက်ပေးရန်၊ လျှပ်စစ်မီတာသုံးစွဲလိုသော ပြည်သူများမှ မီတာများ လျှောက်ထားဆောင်ရွက်သွားရန်၊ လျှပ်စစ်မီးရရှိပါက သောက်သုံးရေနှင့် စားသောက်နေထိုင်ရေး အဆင်ပြေမည်ဖြစ်ကြောင်းနှင့် ကျေးလက် ဆေးပေးခန်း(ယာယီ) ဆောင်အား သွပ်အမိုးဖြင့် ဆောင်ရွက်ပေးရန်နှင့် သက်ဆိုင်ရာဌာနအလိုက် လေဘေးသင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများအား လျင်မြန်ထိရောက်စွာ ဆောင်ရွက်ပေးရန် လမ်းညွှန်မှာကြားသည်။


ထို့နောက် တံတားဦးကျေးရွာသို့ရောက်ရှိ၍ ရွာလယ်လမ်းနှင့် ရွာတွင်းလမ်းအား မြေပြင်ကွင်းဆင်း တိုင်းတာခြင်း ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေး၍ တံတားဦးကျေးရွာနေ ပြည်သူများ၏ သဘာထားရယူခြင်း၊ ကျေးရွာနေ ပြည်သူများ၏ တင်ပြချက်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၏ တင်ပြချက်များအား ပေါင်းစပ်ညှိနှိုင်း၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။


ဝေကြည်(ပြန်/ဆက်)






No comments

Powered by Blogger.