ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ရှမ်းပြည်နယ်အဆင့်၊ ခရိုင် အဆင့်တာဝန်ရှိသူများနှင့်တွေ့ဆုံ



နေပြည်တော်၊မေ ၂၉


နိုင်ငံတော်ဝန်ကြီးချုပ်၏ ပြည်တွင်းခရီးစဉ်တွင် လိုက်ပါလာသော သယံဇာတနှင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယနေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ သစ်တောဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ဝန်ကြီးဌာနအောက်ရှိ သစ်တောကဏ္ဍ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍ၊ သတ္တုရေးရာကဏ္ဍမှ ပြည်နယ်အဆင့်၊ ခရိုင်အဆင့် တာဝန်ခံများနှင့် တွေ့ဆုံသည်။


ထိုသို့တွေ့ဆုံရာတွင် တာဝန်ရှိသူများက မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြသည်။


ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက ဦးစီးဌာန၊ လုပ်ငန်းအလိုက် ရည်မှန်းချက်များ ပြည့်မီအောင် အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ သစ်တောဖုံးလွှမ်းမှု တိုးတက်အောင် ဆောင်ရွက်ရန်၊ ကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တောများ တိုးချဲ့ဖွဲ့စည်းရေး၊ ရေဝေရေလဲဒေသများ ကာကွယ်ရေး၊ ဇီဝမျိုးစုံ မျိုးကွဲများ ထိန်းသိမ်းကာကွယ်ရေးအား ကြိုးပမ်းဆောင်ရွက်သွားရန်၊ တရားမဝင်သစ်နှင့် တရားမဝင် သတ္တုတူးဖော်ထုတ်လုပ်မှုများ မရှိအောင် စီမံချက်များချမှတ် ဆောင်ရွက်သွားရန်၊ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရေး ပြည်နယ်တာဝန်ခံများက ကြပ်မတ်သွားရန်၊ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားရေး ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)

No comments

Powered by Blogger.