ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ရှမ်းပြည်နယ်အတွင်း မိုးစပါးဧက (၂၀၀) စိုက်ပျိုးရန် ပံ့ပိုးငွေများ ထုတ်ပေးနိုင်ရေး တောင်သူများနှင့်တွေ့ဆုံဆွေးနွေး






နေပြည်တော် မေ ၃၀


သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး သည် ယမန်နေ့၊ နံနက်ပိုင်းက ပြည်နယ်ဦးစီးမှူးများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့ရှိ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ပြည်နယ်ရုံးနှင့် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းသို့ သွားရောက်ပြီး ဝန်ထမ်းများ၊ သင်တန်းသား/ သင်တန်းသူများနှင့် တွေ့ဆုံ၍ ဝန်ကြီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်၊ ရည်ရွယ်ချက်များ အောင်မြင် ရေး ဦးစီးဌာနအချင်းချင်း ပူးပေါင်းချိတ်ဆက်ဆောင်ရွက်ကြရန်၊ သင်တန်းသား/ သင်တန်းသူများ သန့်ရှင်းသပ်ရပ် ပျော်ရွှင်စွာဖြင့် အသက်မွေးဝမ်းကျောင်းသင်တန်းများ သင်ယူနိုင်ရေး ဆရာ/ ဆရာမများက ကြီးကြပ်ဆောင်ရွက်ရန်နှင့် သင်တန်းအောင်မြင်ပြီးသူများအား မိမိတို့၏ အတတ် ပညာများဖြင့် ဆက်လက်ရပ်တည်နိုင်ရေး လိုအပ်သည့် အရင်းအနှီး၊ စက်ပစ္စည်းများ ထောက်ပံ့ပေး နိုင်ရေး စီစဉ်ဆောင်ရွက်ကြရန် မှာကြားသည်။


ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် တောင်ကြီးမြို့နယ်၊ နောင်ကားကျေးရွာအုပ်စု၊ ဖောင်မှူးကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း VDP ရန်ပုံငွေဖြင့် ကျေးရွာမူလတန်းကျောင်း အလျား ၅၉ ပေ၊ အနံ ၂၄ ပေ၊ အမြင့် ၁၂ ပေ ဆောက်လုပ်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ ထိုနောက် ပြည်ထောင်စုဝန်ကြီးသည် ကျေးရွာကော်မတီဝင်များ၊ ရပ်မိ ရပ်ဖများနှင့် တွေ့ဆုံကာ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း လိုအပ်ချက်များ တင်ပြမှုအပေါ် ပေါင်းစပ် ဖြည့်ဆည်းပေးသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် မေ ၃၀ ရက် နံနက်ပိုင်း၌ ပြည်နယ်ဦးစီးမှူးများနှင့် တာဝန်ရှိသူများနှင့်အတူ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ မိုင်းရှေ့ကျေးရွာအုပ်စု၊ ဟဲကယ်ကျေးရွာတွင် မိုးစပါးဧက (၂၀၀) စိုက်ပျိုးရန် ပံ့ပိုးငွေများ ထုတ်ပေး နိုင်ရေး သမဝါယမအသင်းသား တောင်သူ (၅၀)နှင့် တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းရရှိရေး၊ မိသားစုဝင်ငွေတိုးပွားရေး၊ စိုက်ပျိုးမွေးမြူရေးအခြေခံ ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်ရေးအတွက် လိုအပ်သော အရင်းအနှီးရန်ပုံငွေများ ထုတ်ပေးခဲ့ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနက အဆိုပါရည်မှန်းချက်များ အောင်မြင်ရေး အားသွန် ခွန်စိုက် ပါဝင်ဆောင်ရွက်နေပါကြောင်း၊ ယခုအခါ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်အတွင်း မိုးစပါး ဧက (၂၀၀) စိုက်ပျိုးရန် ပံ့ပိုးငွေများ ထုတ်ပေးဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ အဆိုပါ ငွေများအစား တောင်သူများ လိုအပ်သည့် မျိုး၊ သွင်းအားစု ဓာတ်မြေဩဇာများ ပံ့ပိုးပေးမည်ဖြစ်ပြီး စီမံကိန်းအောင်မြင်ရေးအတွက် သမဝါယမစနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သမဝါယမ အသင်းအဖွဲ့စနစ် ဆောင်ရွက်ခြင်းဖြင့် အကျိုးများစွာရရှိနိုင်မည် ဖြစ်ကြောင်း၊ စိုက်နည်းစနစ်များ မှန်ကန်စေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန မှ နည်းပညာများ ထောက်ပံ့ပေးနိုင်ရေး ပူးပေါင်းချိတ်ဆက်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ အထူး မှာကြားလိုသည်မှာ တောင်သူများအနေဖြင့် ချေးငွေများ ရယူကာ မိမိတို့၏ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ အောင်မြင်အောင် ကြိုးစားပြီး မိသားစုဝင်ငွေတိုးပွားကာ လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုး တိုးတက်ရေး၊ နိုင်ငံတော်ထံမှ ချေးယူထားသည့် စိုက်ပျိုးစရိတ်ချေးငွေများ ပြန်လည်ပေးဆပ်နိုင်ရေး တို့အတွက် အလေးထား ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း မှာကြားသည်။


ထို့နောက် သမဝါယမဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက မိုးစပါးဧက (၂၀၀) စိုက်ပျိုးရေး ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများနှင့် သမဝါယမအသင်းအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ထားမှု အခြေ အနေများကိုလည်းကောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက စီမံကိန်းအောင်မြင်ရေး ပူးပေါင်းဆောင်ရွက်နေမှုနှင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေး နေမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.