လားရှိုးမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပြည်နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ

လားရှိုး  မေ ၃၀


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်  ပြည်နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို မေ ၃၀ ရက် နံနက်ပိုင်းက လားရှိုးမြို့၊ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းရှိ ကမ္ဘောဇခန်းမ၌ ကျင်းပရာ ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်) ဥက္ကဋ္ဌ ဦးမျိုးကျော်နှင့် ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြည်နယ်၊ခရိုင်၊မြို့နယ် ပညာရေးမှူးများ၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာ ဆရာမကြီးများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။


အခမ်းအနားကို အခြေခံပညာဆရာ ဆရာမများက “ပညာရေးဝန်ကြီးဌာန အဓိဋ္ဌန်” သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ ဖွင့်လှစ်ပြီး ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမျိုးကျော်က နှုတ်ခွန်းဆက် အမှာစကားပြောကြားသည်။ ဆက်လက်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်နယ်ပညာရေးမှူး ဦးခင်မောင်ဌေးက ပညာရေးဆိုင်ရာ အချက်အလက်များကို တင်ပြပြီး ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်) ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက  ကျောင်းသား ကျောင်းသူများအတွက် နိုင်ငံတော်မှ ပေးအပ်သော ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ဘောပင်နှင့် ခဲတံများ၊ ကျောင်းဝတ်စုံများကို တာဝန်ရှိသူများထံ  ပေးအပ်ပြီး “ပညာရေးဝန်ကြီးဌာန အဓိဋ္ဌာန်” တေးသီချင်းကို သီဆိုဖျော်ဖြေကြသည့် ဆရာ ဆရာမများ၊ ပံ့ပိုးတီးခတ်ပေးသော အမှတ်(၆) အခြေခံပညာအလယ်တန်းကျောင်းမှ မောင်ဇော်ဆန်အောင်၊ ဘင်ခရာအဖွဲ့များ၊ ပန်းဖွားအဖွဲ့များအား  တာဝန်ရှိသူများက ဆုငွေများ ချီးမြှင့်သည်။


ယင်းနောက် “ကျောင်းသွားကြမယ်” တေးသီချင်းကို သီဆို၍ အခမ်းအနားကို ပိတ်သိမ်းပြီး ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်) ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကျောင်းသား ကျောင်းသူများ၏ ကျောင်းအပ်နှံမှုများကို လိုက်လံကြည့်ရှု အားပေးသည်။


စိုင်းထွန်း(လားရှိုး)






No comments

Powered by Blogger.