ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ် မင်္ဂလာအခမ်းအနား ကျင်းပ



ရန်ကုန် ဇွန်


ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် ဒုတိယကမ္ဘာစစ်အပြီး ပြန်လည် တည်ထားကိုးကွယ်ခြင်း (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ် မင်္ဂလာအခမ်းအနားကို ဇွန် ၂ ရက်က ကျင်းပခဲ့ရာ ဗုဒ္ဓပူဇာအဖြစ် စေတီတော်မြတ်ကြီးအား ဆံတော်တိုက်ပတ်လည်တွင် သံဃာတော် ၆၅ ပါး၊ (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ်အဖြစ် လှူဒါန်းပူဇော်သည့် မြတ်စွာဘုရားဆင်းတုတော်ရှေ့တွင် သံဃာတော် ငါးပါး၊ ဓမ္မဧကြာတရားဟောကြားသည့် မြတ်စွာဘုရား ဆင်းတုတော်ရှေ့တွင် သံဃာတော် ငါးပါး စုစုပေါင်း သံဃာတော် ၇၅ ပါးဖြင့် အနေကဇာတင်လှူ ပူဇော်ကြသည်။


ဆက်လက်၍ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် (၇၅)နှစ်မြောက် စိန်ရတု အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ အလယ်ပိုင်း ရေတပ်ကွပ်ကဲမှုဌာနချုပ် ဌာနချုပ်မှူး ဗိုလ်ချုပ်ထိန်ဝင်း၊ ဧရာဝတီရေတပ်စခန်းဌာနချုပ် ဌာနချုပ်မှူး ဗိုလ်မှူးချုပ်အေးမင်းထွေး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်သည်။


ယင်းနောက် (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ်အဖြစ် ပူဇော်မည့် မြတ်စွာဘုရားဆင်းတုတော်နှင့် ဘုရားလောင်း ဖွားမြင်ခြင်းရုပ်တု၏ ကမ္ပည်းကျောက်စာကို ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးက စက်ခလုတ်နှိပ်ဖွင့်လှစ်သည်။


ဆက်လက်၍ နန်းဦးဘုရားကြီးတန်ဆောင်း၌ ရေစက်ချမင်္ဂလာ အခမ်းအနားကို ပြုလုပ်ရာ စေတီတော် ဩဝါဒါစရိယ ဆရာတော် တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက ဘဒ္ဒန္တသုန္ဒရထံမှ ပရိသတ်များက ကိုးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော် အရှင်သူမြတ်များ ရွတ်ဖတ်ပူဇော်သည့် အန္တရာယ်ကင်း ပရိတ်တရားတော်များကို နာယူကြသည်။ ထို့နောက် ဩဝါဒါစရိယ ဆရာတော် ဒွိပိဋကဓရ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တအဂ္ဂသာမိက မုဒိတာစကား မိန့်ကြားကာ ဆရာတော် သံဃာတော် အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆက်ကပ်လှူဒါန်းသည်။


ယင်းနောက် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၊ အကျိုးတော်ဆောင် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစန္ဒိမာဘိဝံသထံမှ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစု အတွက် ရေစက်သွန်းချ အမျှပေးဝေပြီး  အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အောင်မြင်စွာရုပ်သိမ်းကာ ကြွရောက်လာသော ဆရာတော် သံဃာတော် ၇၅ ပါးအား ဆွမ်းဆန်စိမ်း လောင်းလှူပြီး ရွှေသံလွင်ကုမ္ပဏီလီမိတက်မိသားစုက နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ သည်။

အောင်မြင့်(ပြန်/ဆက်)

No comments

Powered by Blogger.