လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ (၂၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနာကျင်းပ



နေပြည်တော် ဇွန် ၁၆


လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ (၂၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ ကျင်းပရာ ဇမ္ဗူသီရိမြို့နယ် မဟာဝိဇိတာရုံကျောင်းတိုက် ဆရာတော် ဂန္တဝါစကပဏ္ဍိတ ဘဒ္တန္တကေသရိန္ဒ အမှူးပြုသော ပင့်သံဃာဆရာတော် (၅) ပါး ကြွရောက်တော်မူကြပြီး ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်ဇနီး၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ထမ်းများနှင့် မိသားစုဝင်များ တက်ရောက်ကြည်ညိုကြသည်။


ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်ပရိတ်သတ်များက မဟာဝိဇိတာရုံကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော် သံဃာတော်များ ရွတ်ဖတ်တော်မူသည့် ပရိတ်တရားတော် များကို နာယူကြသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဆရာတော် သံဃာတော်များထံ လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ဆရာတော်ကြီးထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစု တို့အတွက် ရေစက်သွန်းချ အမျှဝေကြကာ ဆရာတော်ကြီးများအား အာရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်း ကြသည်။


ထို့နောက် နှစ်ပတ်လည်အခမ်းအနား ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနသည် စတင်ဖွဲ့စည်းစဉ်ကပင် ဌာန၏ အဓိကလုပ်ငန်း တာဝန်များဖြစ်သည့် လူဝင်မှု ကြီးကြပ်ရေးလုပ်ငန်း၊ အမျိုးသားမှတ်ပုံတင်ရေးနျင့် နိုင်ငံသားမှတ်ပုံတင်လုပ်ငန်း၊ ပြည်သူ့အင်အားစာရင်း ကောက်ယူထိန်းသိမ်းရေးလုပ်ငန်းဆိုသည့် လုပ်ငန်းတာဝန် (၃)ရပ်ကို နိုင်ငံတော်အစိုးရ၏ ဦးဆောင် လမ်းညွှန်မှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြပါကြောင်း၊ ယင်းလုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်ရာတွင် ခေတ်စနစ်နှင့်အညီ နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်ရေးအတွက် အဆင့်မြှင့် တင်ခြင်းကိုလည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း။


မိမိတို့ဌာနဝန်ထမ်းများသည် နိုင်ငံ၏ မြေပြင်၊ ရေပြင်၊ ဝေဟင်စသည့် နိုင်ငံပိုင်နက်အားလုံး တွင် မည်သူမဆို တရားမဝင် ဝင်။ ထွက် သွားလာမှုမရှိစေရေး၊ တရားဝင် ဝင်၊ ထွက်မှု စနစ်တကျဖြစ်စေရေးအတွက် ကြီးကြပ်စစ်ဆေးခွင့်ပြုဆောင်ရွက်ပေးခြင်း၊ နိုင်ငံအတွင်းနေထိုင်သူအားလုံး စနစ်တကျမှတ်ပုံတင်ပြီး နိုင်ငံသားဖြစ်မှုဆိုင်ရာ အထောက်အထားများ စိစစ်ထုတ်ပေးခွင့်ပြုပေးခြင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းများရေးဆွဲနိုင်ရန် တိကျမှန်ကန်သည့် လူဦးရေကိန်းဂဏန်း အချက်အလက်များ ရရှိစေရေးအတွက် ဆောင်ရွက်ပေးခြင်း၊ နိုင်ငံ၏ e-Government စနစ်အတွက် အဓိကအခြေခံအကျဆုံးဖြစ်သည့် e-ID စနစ်အကောင်အထည်ဖော်ရေးလုပ်ငန်းကို ဆောင်ရွက်ခြင်း စသည့် လုပ်ငန်းတာဝန်များကို ကြိုးပမ်း ထမ်းဆောင်နေသည့် နိုင်ငံ၏ တံခါးမှူးများဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းအားလုံးသည် နိုင်ငံနှင့်ပြည်သူ အတွက် မဖြစ်မနေဝန်ဆောင်မှုပေးသည့် လုပ်ငန်းများဖြစ်ခြင်းကြောင့် စိတ်ရင်းစေတနာမှန်ဖြင့် ဆောင်ရွက်ပေးနိုင်လျှင် အားလုံး၏ ချစ်ကြည်လေးစား၊ အားထားယုံကြည်မှုကို ရရှိခံစားကြရမည် ဖြစ်ပါကြောင်း။


ဌာန၏ ကောင်းမြတ်သည့် အစဉ်အလာများကို လက်ဆင့်ကမ်း သယ်ဆောင်ရင်း နိုင်ငံနှင့်ပြည်သူကို သစ္စာရှိရှိ အလုပ်အကျွေးပြု ဝန်ဆောင်မှုပေးနိုင်ရန်၊ ဝန်ထမ်းအချင်းချင်း အဖွဲ့အစည်းစိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ် မှုရှိရန် လိုအပ်ပါကြောင်း ပြောကြားသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ၌ ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ဝန်ထမ်းများ၏ သားသမီးများကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဦးဌေးလှိုင်က ရုံးတက်မှန်ဆုရရှိကြသည့် ဝန်ထမ်းများကိုလည်းကောင်း၊  ဒုတိယဝန်ကြီး ဒေါက်တာ မျိုးသန့်က  ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) နှင့် (အောက်မြန်မာပြည်) တို့တွင် ဖွင့်လှစ်ခဲ့သော သင်တန်းများနှင့် အခြားသောသင်တန်းများ၌ ထူးချွန်ဆုရရှိကြသည့် ဝန်ထမ်းများ ကိုလည်းကောင်း  ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ချီးမြှင့် ကြသည်။


ဆက်လက်၍ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ ဝန်ထမ်းများ၏ သားသမီး ကျောင်းသား ကျောင်းသူများအတွက် ပညာသင်ထောက်ပံ့ငွေများကို အမြဲတမ်းအတွင်းဝန်က ဌာနအလိုက် ကိုယ်စားလှယ် ကျောင်းသား ကျောင်းသူ များထံ ပေးအပ်သည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားပြီး ဂုဏ်ပြုဆုရရှိကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကာ ကံစမ်းမဲဖောက်ပေးခြင်းနှင့် နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)   


No comments

Powered by Blogger.