ရွှေတိဂုံစေတီတော် အဆင့်မြင့်ယဉ်ကျေးမှုသင်တန်း အမှတ်စဉ်(၁၁) သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
ရန်ကုန် ဇွန် ၁၆
ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးဖွင့်လှစ်သည့် အဆင့်မြင့် ယဉ်ကျေးမှု သင်တန်း အမှတ်စဉ်(၁၁)သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ရွှေတိဂုံစေတီတော်ရင်ပြင် အရှေ့ဘက်မုခ်ရှိ ရေကြည်တော်ဝတ်အသင်း တန်ဆောင်း၌ ကျင်းပသည်။
အခမ်းအနားတွင် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ အလှည့်ကျ သဘာပတိ ဦးမျိုးအောင်ဌေးက သင်တန်းပြီးမြောက်အောင်မြင်မှု အထိမ်းအမှတ်စကား ပြောကြားပြီး သင်တန်း နည်းပြ မဟာသဒ္ဓမ္မဇောတိကဓဇ ဆရာကြီးဦးဟန်က သင်တန်းသင်ကြားပြီးစီးမှုနှင့် ပတ်သက်၍ ရှင်းလင်းပြေကြားသည်။
ထို့နောက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များက သင်တန်းနည်းပြ ဆရာကြီးနှင့် ဆရာမကြီးအား ဂါရဝပြုလက်ဆောင်နှင့် ဆုရသင်တန်းသားများကို ဆုများချီးမြှင့် ပေးအပ်ကြပြီး သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။
အဆိုပါသင်တန်းကို ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ဂေါပကအဖွဲ့ရုံး ဝန်ထမ်းများ စေတီတော်ကြီး၏ ဝေယျာဝစ္စလုပ်ငန်းများ ဆောင်ရွက်ရာတွင် ထေရဝါဒဗုဒ္ဓဘာသာ ယဉ်ကျေးမှု ဓလေ့ထုံးစံများနှင့်အညီ ဆောင်ရွက်နိုင်ရန်နှင့် အများပြည်သူနှင့် ဆက်ဆံပြောဆိုရာတွင် ကိုယ်နှုတ်နှလုံး ယဉ်ကျေးသိမ်မွေ့ စေရန် ရည်ရွယ်၍ ဇွန် ၅ ရက်မှ ယနေ့အထိ သင်ကြားပို့ချခဲ့ပြီး သင်တန်းသား သင်တန်းသူ (၂၉)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)
No comments