ဒုတိယဝန်ကြီး ဦးဝင်းရှိန် ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ပုသိမ်) သို့ ကွင်းဆင်း ကြည့်ရှုအားပေး
နေပြည်တော် ဇွန် ၁၆
အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် အလုပ်သမားညွှန်ကြားရေးဦးစီး ဌာနမှ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ပုသိမ်) အစည်းအဝေးခန်းမ သို့ရောက်ရှိရာ သင်တန်းကျောင်းတာဝန်ခံက သင်တန်းကျောင်း ဆိုင်ရာ အချက်အလက်များနှင့် လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီးက အလုပ်သမားဝန်ကြီးဌာနအနေဖြင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရေး၊ အလုပ်အကိုင်အမျိုးအစားအလိုက် ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးနိုင်ရေးတို့ အတွက် ဝန်ကြီးဌာနရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း ၇ ကျောင်းတွင် အခြေခံဂဟေ ဆက်သင်တန်း၊ အခြေခံလျှပ်စစ်နှင့် အိမ်တွင်းလျှပ်စစ်သင်တန်း၊ လေအေးပေးစက်တပ်ဆင်ပြုပြင် သင်တန်း၊ ဆောက်လုပ်ရေးဆိုင်ရာ ကျွမ်းကျင်သင်တန်း၊ စက်ချုပ်ကျွမ်းကျင်သူသင်တန်း၊ Air Compressorပြုပြင်ထိန်းသိမ်း ရေးသင်တန်းများကို စီမံချက်ဖြင့် ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း။
ဧရာဝတီတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့် အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီနှင့်ပူးပေါင်း၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ပုသိမ်)၌ ဒေသလိုအပ်ချက်နှင့် ကိုက်ညီသော သင် တန်းများဖြစ်သည့် အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းသင်တန်းနှင့် အဲယားကွန်းတပ်ဆင် ခြင်း၊ ပြုပြင်ခြင်းသင်တန်း ပို့ချခဲ့ရာ သင်တန်းသား (၁၀၀)တက်ရောက်ခဲ့ကြောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းသင်တန်းနှင့် အဲယားကွန်း တပ်ဆင် ခြင်း၊ ပြုပြင်ခြင်း သင်တန်းသား (၁၂၀) မွေးထုတ်ပေးရန် လျာထားကြောင်း။
ကျွမ်းကျင်လုပ်သားများဖြစ်မှ အရည်အသွေးပြည့် ထုတ်ကုန်ပစ္စည်းများကို စွမ်းအားပြည့် ထုတ်ပေးနိုင်မည်ဖြစ်ပြီး လုပ်ငန်းအပ်နှံသူ၏ ယုံကြည်ကိုးစားမှု ရရှိ၍ မိမိလူနေမှုဘဝ မြင့်မားစေ ရေးများစွာ အထောက်အကူပြုနိုင်ကြောင်း၊ သင်တန်းနည်းပြများအနေဖြင့် ခေတ်နှင့်အညီ စွမ်းဆောင်ရည် ပိုမိုမြင့်မားစေရေး စဉ်ဆက်မပြတ်လေ့လာသင်ယူနေရမည်ဖြစ်ကြောင်း မှာကြား ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)
No comments