မျှစ်စိုက်ပျိုးထုတ်လုပ်ရေး တန်ဖိုးကွင်းဆက် ဖွံ့ဖြိုးတိုးတက်မှုအပေါ် အခြေခံ၍ ကျေးလက်နေအိမ်ထောင်စုများ၏ လူမှုဘဝဝင်ငွေရရှိနိုင်မှု မြှင့်တင်နိုင်ရေးကြိုးပမ်း
နေပြည်တော် ဇွန် ၁၆
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စီမံကိန်းဦးစီးဌာနက မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ(၂၀၂၁)ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော “မျှစ်စိုက်ပျိုးထုတ်လုပ်ရေး တန်ဖိုးကွင်းဆက် ဖွံ့ဖြိုးတိုးတက်မှု အပေါ်အခြေခံ၍ ကျေးလက်နေအိမ်ထောင်စုများ၏ လူမှုဘဝဝင်ငွေရရှိနိုင်မှုမြှင့်တင်ပေး နိုင်ရေးဆိုင်ရာစီမံကိန်း” ၏ “ဝါးပျိုးပင်ပေးအပ်ပွဲအခမ်းအနား” ကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန စုဝေးဆောင်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ အမြဲတမ်း အတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ပျဉ်းမနားမြို့နယ်ရှိ မြသာ၊ အောင်ဘိသိတ်၊ ကိုးရွာ၊ သံတောင်ဘိုမ၊ နန်းလွင်ဆန်း၊ မြသီတာ၊ ဆိတ်ဖူးတောင်နှင့် လ္ဘက်တောင်ကျေးရွာများနှင့် လယ်ဝေးမြို့နယ် ဇလီငှက်ကြီးတောင် ကျေးရွာတို့မှ တောင်သူကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက မိမိတို့နိုင်ငံ၏ ရေမြေရာသီဥတု သဘာဝအခြေခံကောင်းများကို ထိထိရောက် ရောက်အသုံးချပြီး သီးနှံအမယ်စုံ စိုက်ပျိုးထုတ်လုပ်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိ သကဲ့သို့ အကြောင်းအမျိုးမျိုးကြောင့် စိုက်ပျိုးနိုင်ခြင်းမရှိသောမြေများတွင် နှစ်ရှည် အကျိုးအမြတ်ခံစားရနိုင် သည့် ဝါးစိုက်ပျိုးခြင်းကို အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ယခုမိုးတွင်းကာလသည် ဝါးစိုက်ပျိုးရန်သင့်တော်သည့် ရာသီဥတုနှင့် အချိန်ကျရောက် ပြီဖြစ်၍ ဝါးပျိုးပင်များပေးအပ်မည်ဖြစ်ရာ ဝါးစိုက်ပျိုးမည့် တောင်သူများအနေဖြင့် ဝါးပျိုး ပင်များကို ကောင်းစွာစိုက်ပျိုးစောင့်ရှောက်ပြီး ဖြစ်ထွန်းသော ဝါးတောများအဖြစ် ရေရှည် တည်တံ့အောင် ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း၊ မိမိတို့စိုက်ပျိုးထားသော ဝါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလာမှုကို အခြားတောင်သူများထံသို့ လက်ဆင့်ကမ်း မျှဝေပေးစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဝါးပျိုးပင်ပေးအပ်ပွဲ အခမ်းအနားကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဝါးစိုက်ပျိုးလိုသည့် ကျေးရွာများမှ တောင်သူကိုယ်စားလှယ်များထံသို့ တစ်ဧကလျှင် ဝါးပျိုးပင် ၂၁၀နှုန်းဖြင့် စိုက်ပျိုး ဧရိယာ ၅၆ဒသမ၅ ဧကအတွက် ဝါးပျိုးပင် စုစုပေါင်း ၁၁,၈၆၅ ပင်ကို ပေးအပ်ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာသူများသည် ခန်းမအတွင်း ခင်းကျင်းပြသထားသော စီမံကိန်းဆိုင်ရာလှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံများ၊ မျှစ်နှင့် ဝါးလက်မှုထုတ်ကုန်များ၊ ဝါးစိုက်ခင်းထူထောင်ခြင်းနှင့် ဝါးရုံများ ရေရှည်စီမံခန့်ခွဲမှုဆိုင်ရာ လက်စွဲစာအုပ်များနှင့် လက်ကမ်းစာစောင်များကို ကြည့်ရှုအားပေးကြသည်။
(သတင်းစဉ်)
No comments