ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကျင်းပ
နေပြည်တော် ဇွန် ၁၆
နိုင်ငံတော်၏ သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရန်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရန်၊ အဖိုးတန်ဂေဟစနစ်များ မပျောက်ပျက်အောင်စောင့်ရှောက်နိုင်ရန်နှင့် သစ်တောထိန်း သိမ်းရေးလုပ်ငန်း များတွင် အထောက်အကူပြုစေရန်ရည်ရွယ်၍ ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၀၂၃ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဒက္ခိဏသီရိမြို့နယ် အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးဧရိယာ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးနှင့် ကွပ်ကဲမှုအောက်ရှိတပ်ဖွဲ့နှင့် ဦးစီးဌာနများမှ အရာရှိကြီးများနှင့်ဇနီးများ၊ တပ်ဖွဲ့ဝင်များနှင့်ဝန်ထမ်းများ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် က သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် အဖိုးတန်ဂေဟစနစ်များ မပျောက်ပျက်အောင် စောင့်ရှောက် နိုင်ရေးတို့အတွက် သစ်တော သစ်ပင်များသည် လူ့ပတ်ဝန်းကျင်အတွက်များစွာ အရေးပါကြောင်း၊ သစ်တောသစ်ပင်များက ရေ၊ သယံဇာတ များကို ထိန်းသိမ်းပြီး သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ကို သဟဇာတကျစေကြောင်း၊ “ဥတုရာသီ တောကိုမှီ” ဟူသည့်အတိုင်း ရာသီဥတုကို ကောင်းမွန်စေ ကြောင်း၊ စိမ်းလန်းစိုပြေမှုကိုဖြစ်စေသဖြင့် လူ့စိတ်နှလုံးကို အေးချမ်းစေကြောင်း၊ သစ်ပင်များ စိုက်ပျိုးရာတွင် တစ်ပင်စိုက် တစ်ပင်ရှင်၊ စိုက်သမျှအပင် ရှင်သန်စေရန် စတင်စိုက်ပျိုးသည်မှစ၍ စဉ်ဆက်မပြတ် ပြုစုထိမ်းသိမ်းသွားရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် ဇနီးတို့က ရတနာတန်းဝင်ကျွန်းပင်ကို ဦးဆောင်စိုက်ပျိုးကြသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ်တိုးရီနှင့်ဇနီး၊ ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်ချုပ် ဇင်မင်းထက်၏ဇနီး၊ အမြဲတမ်းအတွင်းဝန်နှင့်ဇနီး၊ တပ်ဖွဲ့နှင့် ဦးစီးဌာနများမှ အရာရှိကြီးများ နှင့်ဇနီးများ၊ တပ်ဖွဲ့ဝင်၊ ဝန်ထမ်းများက သတ်မှတ်နေရာများတွင် သစ်ပင်များ စိုက်ပျိုးကြသည်။
ယင်းနောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးနှင့်ဇနီးတို့သည် တာဝန်ရှိသူများနှင့် အတူ တပ်ဖွဲ့ဝင်၊ ဝန်ထမ်းများ၏ စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးကြသည်။
ယနေ့ပြုလုပ်သည့် ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ရတနာ တန်းဝင်ကျွန်း၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊ ပိတောက်၊ မန်ဂျန်ရှား၊ သင်္ကန်း၊ မဲဇလီ၊ သပြေကြီး၊ မန်ကျည်း၊ ယမနေ စသည့် သစ်ပင်စုစုပေါင်း ၁၂၀ဝ တို့ကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
အလားတူ ပြည်ထဲရေးဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့/ဦးစီးဌာနများ၏ ရုံးချုပ်များနှင့် တိုင်းဒေသကြီး နှင့် ပြည်နယ်များရှိ ရုံး၊ ဌာနများတွင်လည်း မိုးရာသီသစ်ပင်စိုက်ပွဲများကျင်းပ၍ ရတနာတန်း ဝင်ပင်များ၊ အရိပ်ရလေကာပင်များ၊ သီးပင်စားပင်များကို တာဝန်ရှိသူများက စုပေါင်း စိုက်ပျိုးခဲ့ကြပြီး ပြည်ထဲရေး ဝန်ကြီးဌာနအနေဖြင့် ယနေ့တွင် သစ်ပင်(၄၁၁၉၀)တို့ကို စိုက်ပျိုးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)
No comments