အပြည်ပြည်ဆိုင်ရာစီးပွားရေးဖိုရမ် ၂၀၂၃ (SPIEF'23)နှင့် ဆက်စပ်အခမ်းအနားများသို့ ပြည်ထောင်စု ဝန်ကြီး ဦးသောင်းဟန် တက်ရောက်



နေပြည်တော် ဇွန် ၁၆


ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ရောက်ရှိနေသည့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလွင်ဦးနှင့်အတူ ဇွန် ၁၅ ရက်က ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့တွင် ကျင်းပပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာစီးပွားရေးဖိုရမ် ၂၀၂၃ (SPIEF'23) ဒုတိယနေ့ အခမ်းအနားသို့ တက်ရောက်သည်။


နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီး ဦးလွင်ဦးတို့သည် မကွေးတိုင်းဒေသကြီးအတွင်း မင်းလှ(၁၁၆ မဂ္ဂါဝပ်)နှင့် မင်းတုန်း (၅၆ မဂ္ဂါဝပ်) လေအားလျှပ်စစ်စီမံကိန်းများအတွက် ဖြစ်မြောက်နိုင်စွမ်း လေ့လာမှုလုပ်ငန်းများဆောင်ရွက်ရန် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် Nova Wind JSC ၊ Primus Advanced Technologies Ltd. တို့ပူးပေါင်းမှု နားလည်မှုစာချွန်လွှာ (Memorandum of Understanding–MOU) လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ကျောက်ပန်းတောင်းမြို့နယ်နှင့် ညောင်ဦးမြို့နယ်တို့တွင် ပုပ္ပါး(၂၀၀ မဂ္ဂါဝပ်) လေအားလျှပ် စစ်စီမံကိန်း များအတွက် ဖြစ်မြောက်နိုင်စွမ်း လေ့လာမှုလုပ်ငန်းများဆောင်ရွက်ရန် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် Nova Wind JSC ၊ Zeya & Associates Co.,Ltd. တို့ ပူးပေါင်းမှု နားလည်မှုစာချွန်လွှာ (Memorandum of Understanding – MOU) လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ လည်းကောင်း တက်ရောက်ခဲ့ကြသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် Rosatom ၏ ညွှန်ကြားရေးမှူးချုပ် Mr.Alexey Likhachev နှင့်‌တွေ့ဆုံ၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုအပိုင်းတွင် ယခုထက် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့သည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် Roscongress ၏ CEO Alexander Shatirov နှင့်‌တွေ့ဆုံ၍ နေရောင်ခြည်သုံးလျှပ်စစ် ဓာတ်အားထုတ်လုပ်မှုအပိုင်းတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့သည်။

(သတင်းစဉ်)

No comments

Powered by Blogger.