ပြည်ထောင်စုဝန်ကြီး ဦးအောင်သော် မြိတ်ခရိုင်၏ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းရှင်များနှင့် ဒေသခံများအားတွေ့ဆုံ
မြိတ် ဇွန် ၃
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သော် သည် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများနှင့်အတူ ဇွန် ၂ ရက်က ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြိတ်မြို့ Hotel Grand Jade အစည်းအဝေးခန်းမ၌ မြိတ်ခရိုင် ခရီးစဉ်ဒေသအတွင်းရှိ ဌာနဆိုင်ရာများမှ တာဝန် ရှိသူများ၊ ပုဂ္ဂလိကအသင်းဖွဲ့များမှ တာဝန်ရှိသူများ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍနှင့် ဆက်နွယ်လုပ်ကိုင်ဆောင်ရွက်နေကြသည့် လုပ်ငန်းရှင်များနှင့် ဒေသခံများကို တွေ့ဆုံသည်။
တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက ခရီးသွားလုပ်ငန်းနယ်ပယ်တွင် လုပ်ကိုင်နေကြ သည့် ဝန်ထမ်းများကို လုပ်ငန်းကျွမ်းကျင်သည့် ဝန်ထမ်းများ ဖြစ်လာစေရေး လေ့ကျင့်ပျိုးထောင်ပေးရန် လိုအပ်ကြောင်း၊ ပြည်တွင်းခရီးသွားလုပ်ငန်းအပြင် ပြည်ပ ခရီးသွားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာအောင် ဝိုင်းဝန်းပူး ပေါင်းဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ခရီးသွားလုပ်ငန်းရှင်များ၏ လုပ်ငန်းများဆောင် ရွက်မှုအပိုင်းတွင် အဆင်ပြေမှုရှိစေရေးအတွက် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပူးပေါင်းပြီး ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဒေသတွင်း ခရီးသွားကဏ္ဍ ပိုမို ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် လုပ်ငန်းရှင်များနှင့် ဌာနဆိုင်ရာများမှ ဝိုင်းဝန်းပူး ပေါင်း ဆောင်ရွက်ပေးကြရန် ပြောကြားသည်။
ထို့နောက် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို က တိုင်းဒေသကြီးအနေဖြင့် ခရိုင်အလိုက် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကို အလေးထားဆောင်ရွက်နေကြောင်း၊ မြိတ်ခရိုင်အနေဖြင့် ဟိုတယ်လုပ်ငန်းနှင့် ခရီးသွားလုပ်ငန်း အခြေခံကောင်းများရှိပြီး လုပ်ငန်းများ အောင်မြင်စေရေးအတွက် ကျွန်များတွင် ခရီးသွားဆွဲဆောင်မှုနှင့် ဝန်ဆောင်မှုများ စနစ်တကျဆောင်ရွက်နိုင်ပါက ယခုထက်ပိုမို အောင်မြင်မှုများရရှိ မည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူများက မြိတ်ခရိုင်၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျွန်းစုမြို့နယ် ပထက်ကျေးရွာရှိ အထက(ပထက်) ကျောင်းသို့ ရောက်ရှိကြပြီး စာသင်ခန်းများတွင် ကျောင်းသား ကျောင်း သူများ ပညာသင်ကြားနေမှု၊ ပန်းချီ အနုပညာခန်း၊ ကွန်ပျူတာအခန်း၊ Language Lab ခန်း၊ သိပ္ပံလက်တွေ့ခန်းများကို လှည့်လည်ကြည့်ရှုပြီး မူကြို၊ KG ၊ Grade 1 ကျောင်းသား ကျောင်းသူများအတွက် ကျောင်းဝတ်စုံ၊ မူလတန်းကလေးငယ်များအတွက် ကျောင်းသုံး ဗလာစာအုပ်နှင့် စာရေးကိရိယာများ၊ အလယ်တန်းနှင့် အထက်တန်းကျောင်းသား ကျောင်းသူများအတွက် ထီးနှင့်ဘောပင်များကို ကျောင်းအုပ်ဆရာမကြီးထံ ထောက်ပံ့ပေးအပ်ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြည်ဖြိုးထွန်းအင်တာ နေရှင်နယ်ကုမ္ပ ဏီလီမိတက်၏ ပထက်ကျွန်းပေါ်ရှိ ခေတ်မီရေငန်ပုစွန်မွေးမြူရေးလုပ်ငန်းသို့ရော က်ရှိ၍ ရေငန်ပုစွန်များမွေးမြူထားရှိမှု၊ ရေငန်ပုစွန်များကို ပြုတ်ခြောက်အေးခဲစက်ရုံတွင် ကုန်ချောထုတ်လုပ်နေမှု၊ တန်(၁၀၀၀)ကျ အအေးခန်းစက်ရုံတွင် ရေထွက်ကုန်ပစ္စည်းများ ကုန်ချောထုတ်လုပ်နေမှုနှင့် ရေငန်ပုစွန်သားပေါက်မွေးမြူထားရှိမှုများကို ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
No comments