ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင် နှင့် ချင်းပြည်နယ်ဝန်ကြီးချုပ်တို့ အခြေခံပညာကျောင်းများ၌ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှု ကြည့်ရှုအားပေး






ဟားခါး ဇွန် ၃


၂၀၂၃−၂၀၂၄ ပညာသင်နှစ် ဟားခါးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုကို ဇွန် ၂ ရက်က ချင်းပြည်နယ်၊ ဟားခါးမြို့သို့ ရောက်ရှိနေသော ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်၊ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်နှင့် ပြည်နယ်ဝန်ကြီးများက သွားရောက် ကြည့်ရှုအားပေးသည်။


ဦးစွာ ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်နှင့် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်တို့သည် ဟားခါးမြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၏ ကျောင်းအပ်လက်ခံနေမှု အခြေအနေကို ကြည့်ရှုအားပေးပြီး ကျောင်းသားမိဘများနှင့် ဆရာ ဆရာမများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားပြောကြားသည်။ ထို့နောက် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုကို ကြည့်ရှုသည်။


ဟားခါးမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း ရှစ်ကျောင်း၊ အထက်တန်းကျောင်း(ခွဲ) သုံးကျောင်း၊ အလယ်တန်းကျောင်း ၂၃ ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ) ၁၀ ကျောင်း၊ မူလတန်းလွန်ကျောင်း ၁၈ ကျောင်း၊ မူလတန်းကျောင်း ၃၂ ကျောင်းနှင့် မူလတန်းကျောင်း(ခွဲ) တစ်ကျောင်း စုစုပေါင်း ၉၅ ကျောင်းရှိသည့်အနက် ၂၀၂၃−၂၀၂၄ ပညာသင်နှစ်တွင် အထက်တန်းကျောင်း လေးကျောင်း၊ မူလတန်းလွန်ကျောင်း တစ်ကျောင်းနှင့် မူလတန်းကျောင်း တစ်ကျောင်း စုစုပေါင်း ခြောက်ကျောင်း ဖွင့်လှစ်နိုင်ခဲ့ပြီး ဇွန် ၁ ရက်အထိ ကျောင်းအပ်နှံသူမှာ မူလတန်း ၁၆၁၀ ဦး၊ အလယ်တန်း ၅၉၁ ဦး၊ အထက်တန်း ၁၉၀  စုစုပေါင်း ၂၃၉၁ ဦး ရှိပြီဖြစ်သည်။


၂၀၂၂−၂၀၂၃ ပညာသင်နှစ်တွင် ဟားခါးမြို့နယ်၌ အထက်တန်းကျောင်း နှစ်ကျောင်း၊ မူလွန်ကျောင်း တစ်ကျောင်း၊ မူလတန်းကျေ တစ်ကျောင်း စုစုပေါင်း လေးကျောင်းသာ ဖွင့်လှစ်နိုင်ခဲ့ပြီး ကျောင်းတက်ရောက်မှုမှာ မူလတန်းအဆင့် ၇၇၆ ဦး၊ အလယ်တန်း အဆင့် ၃၈၇ ဦး၊ အထက်တန်း ၁၈၃ ဦး စုစုပေါင်း ၁၃၄၆ ဦး တက်ရောက်ခဲ့သဖြင့် ယခင်ပညာသင်နှစ်ထက် ၂၀၂၃−၂၀၂၄ ပညာသင်နှစ်တွင် ကျောင်းနှစ်ကျောင်း ပိုမိုဖွင့်လှစ်နိုင်ခဲ့ကာ ကျောင်းသားဦးရေမှာလည်း ယခင်နှစ်ထက် ၁၀၄၅ ဦး ပိုမိုများပြားကြောင်း သိရသည်။


၂၀၂၃−၂၀၂၄ ပညာသင်နှစ် ဇွန် ၁ ရက်အထိ ချင်းပြည်နယ်တွင် အခြေခံပညာကျောင်း ၁၅၁၆ ကျောင်းရှိသည့်အနက် ကိုယ်ပိုင်ကျောင်း တစ်ကျောင်းအပါအဝင် ဘုန်းတော်ကြီးသင်ကျောင်းနှင့် အခြေခံပညာကျောင်း စုစုပေါင်း ၃၃၂ ကျောင်း ဖွင့်လှစ်နိုင်ခဲ့ပြီး ကျောင်းသား ကျောင်းသူ စုစုပေါင်း ၄၂၅၈၀ ဦး ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။


ခရိုင်(ပြန်/ဆက်)

No comments

Powered by Blogger.