ထိုင်းနိုင်ငံ၌ လူကုန်ကူးခံရသည့် မြန်မာနိုင်ငံသားများအား လွှဲပြောင်းလက်ခံ
မြဝတီ ဇွန် ၁၅
ထိုင်းနိုင်ငံ၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူထုလုံခြုံရေးဝန်ကြီးဌာန လက်အောက်ရှိ ဂေဟာများတွင် လက်ခံစောင့် ရှောက်ထားသူများအနက် နိုင်ငံသားစိစစ်မှုရှိပြီး ထိုင်းနိုင်ငံတွင် တရားစီရင်ရေးလုပ်ငန်းစဉ် ပြီးဆုံးပြီဖြစ်သော လူကုန်ကူးခံရသူ မြန်မာနိုင်ငံသား ကိုးဦးအား လွှဲပြောင်းလက်ခံခြင်းကို ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေး ဌာနတွင် ဇွန် ၁၅ ရက် နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
လွှဲပြောင်းလက်ခံပွဲတွင် ထိုင်းနိုင်ငံ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ မြဝတီမြို့ ယာယီလက်ခံစောင့်ရှောက်ရေးဂေဟာမှ ဦးစီးအရာရှိ ဒေါ်ခင်နွယ်နွယ်ရီ က ကျေးဇူးတင်စကားပြောကြားသည်။ ယင်းနောက် လူကုန်ကူးခံရသူ မြန်မာနိုင်ငံသားများ၏ ပစ္စည်းနှင့် ငွေကြေးများ၊ အချက်အလက်ဆိုင်ရာများအား နှစ်နိုင်ငံတာဝန်ရှိသူများက လွှဲပြောင်းလက်ခံရယူသည်။
ထို့နောက် မြန်မာနိုင်ငံသားများအား မြန်မာ-ထိုင်း အမှတ်(၁) ချစ်ကြည်ရေးတံတားမှတစ်ဆင့် မြဝတီမြို့၊ ယာယီ လက်ခံစောင့်ရှောက်ရေးဂေဟာသို့ ခေါ်ဆောင်လာခဲ့ပြီး နေရပ်ပြန်လည်ပို့ဆောင်ရေး ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ လွှဲပြောင်းလက်ခံရာတွင် အမျိုးသား ငါးဦး၊ အမျိုးသမီး လေးဦး စုစုပေါင်း ကိုးဦးတို့အား ပြန်လည်လက်ခံခဲ့ခြင်းဖြစ်သည်။
ထိန်လင်းအောင်(ပြန်/ဆက်)
No comments