မန္တလေးတိုင်းဒေသကြီး၌ မွေးမြူရေးအခြေခံသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများ ဖွံ့ဖြိုးရေးကြိုးပမ်း
နေပြည်တော် ဇွန် ၁၅
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ဇွန် ၁၄ ရက် နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တာဝန်ရှိသူများအား တွေ့ဆုံ၍ မန္တလေးတိုင်းဒေသကြီးအတွင်း နို့စားနွားတိုးချဲ့မွေးမြူရေး၊ နို့နှင့်နို့ထွက်ပစ္စည်း ထုတ်လုပ်ရေး၊ အသားထုတ်လုပ်မှုတိုးမြှင့်ရေး၊ မွေးမြူရေးအခြေခံသည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများ ဖွံ့ဖြိုးရေးဆောင်ရွက်နိုင်ရန် မွေးမြူရေးဇုန်တည်ထောင်မည့် အစီအစဉ်များ၊ မွေးမြူရေးဆိုင်ရာ နည်းပညာများ ဖြန့်ဝေပေးရန်နှင့် တိရစ္ဆာန်ရောဂါ ကာကွယ်ရေး၊ ကုသရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းလုပ်ငန်းများတွင် တိုင်းဒေသကြီးအစိုးရ ၏ဦးဆောင်မှုဖြင့် သက်ဆိုင်ရာဦးစီးဌာနများ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာများကို ညှိနှိုင်းဆွေးနွေးကြသည်။
ထို့နောက် ဒုတိယဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် အဖွဲ့သည် ပုသိမ်ကြီးမြို့နယ်၊ ကုလားမတောင်ကျေးရွာရှိ ရွှေအိုးနို့စားနွား မွေးမြူရေးခြံနှင့် ရွှေငြိမ်းချမ်းသာကျေးရွာရှိ Sun Day နို့စားနွားမွေးမြူရေးခြံများသို့ သွားရောက်ကြပြီး ပုဂ္ဂလိကမွေးမြူရေးလုပ်ငန်းရှင်များ၏ နို့စားနွားမွေးမြူထားရှိမှု၊ မွေးမြူရေး တိရစ္ဆာန်အစာပင်များ စိုက်ပျိုးထားရှိမှု၊ နို့နှင့် နို့ထွက်ပစ္စည်းထုတ်လုပ်နေမှု၊ စျေးကွက်တင်ပို့ ရောင်းချနေမှုများကို ကြည့်ရှုစစ်ဆေးကြပြီး ဒုတိယဝန်ကြီးက ကျွဲနွားများတွင် ဖြစ်ပွားတတ်သော ကူးစက်ရောဂါများ အလေးထားဂရုပြုကြရန်နှင့် မေထုန်မဲ့နို့စားနွား တိုးချဲ့မွေးမြူရန်လို အပ်ချက်များ၊ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ လုပ်ငန်းခွင်ဆောင်ရွက်သူများ ကူးစက်ရောဂါကင်းစင်ရေး၊ လုပ်သားများ တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် မွေးမြူရေးထွက်ကုန်များ ထုတ်လုပ်တင်ပို့မှု တိုးမြှင့်ရေးဆိုင်ရာများကို ဆွေးနွေးမှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် အောင်မြေသာစံမြို့နယ် သရက်ကုန်း ငါးလုပ်ငန်းစခန်းနှင့် မွေးမြူရေးသုတေသနဦးစီးဌာန၊ မွေးမြူရေးသုတေသနစခန်းတို့၌ ငါးစမ်းသပ်သားဖောက်မွေးမြူထားရှိမှုနှင့် သုတေသနပြုဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးကြပြီး ဒုတိယဝန်ကြီးက နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် ရေရှည်တည်တံ့သော အားလုံးပါဝင်သည့် မွေးမြူထုတ်လုပ်မှု စနစ်ထွန်းကားရေး၊ စားရေရိက္ခာဖူလုံ၍ အာဟာရပြည့်ဝစေပြီး မွေးမြူသူများနှင့် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝမြင့်မားလာစေရန် မွေးမြူရေး သုတေသနကဏ္ဍမှ အထောက်အကူပြုရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းထွက်ကုန်များ ထုတ်လုပ်တင်ပို့မှုမှ နိုင်ငံခြားဝင်ငွေတိုးတက်ရရှိစေရေး၊ တိုင်းရင်းငါးမျိုးကောင်းမျိုးသန့်များ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေးတို့နှင့် စပ်လျဉ်း၍ လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။
သတင်းစဉ်
No comments