ကဒူးရေမြောင်းမှ ရေကျအဆောက်အအုံ တစ်ခုအား ပြန်လည်ပြုပြင်
ကျောက်ဆည် ဇွန် ၁၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် သီးနှံမျိုးစုံ ၂၆၃ ဧက စိုက်ပျိုးရေ ပြည့်ဝစွာပေးဝေနိုင်ရေး ကဒူးမြောင်းမှ ရေကျအဆောက်အအုံ တစ်ခုအား ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြန်လည်ပြုပြင်ပေးလျက်ရှိသည်။
အဆိုပါ ရေကျအဆောက်အအုံသည် ကဒူးမြောင်း၏ ပေတိုင်အမှတ် (၁၀+၃၀၀) ပဲခင်းကျေးရွာအနီးတွင်တည်ရှိပြီး မပြုပြင်သည်မှာ နှစ်ကာလကြာမြင့်ပြီဖြစ်သည်။ ယခုအခါ ရေအဝင်အထွက် မြေကာနံရံများ ပျက်စီးနေပြီး မြေပေါင်များ ရေတိုက်စား၍ စိုက်ပျိုးရေများ ပေးဝေရာတွင် အပြည့်အဝ ပေးဝေနိုင်ရေး အခက်အခဲဖြစ်ပေါ်နေသောကြောင့် အလျား ၈၅ ပေ၊ အကျယ် ၁၀ ပေ၊ အမြင့် ၄ ပေရှိ ရေကျ အဆောက်အအုံအား မန္တလေးတိုင်းဒေသကြီး ပြင်ဆင်ထိန်းသိမ်းခြင်းခွင့်ပြုရန်ပုံငွေ ကျပ် ၁၈ သန်း အကုန်အကျခံကာ ပြန်လည် ပြုပြင်ပေးခြင်းဖြစ်ကြောင်း သိရှိရသည်။
ရေကျအဆောက်အအုံ ပြန်လည်ပြုပြင်ပြီးစီးပါက ကဒူးမြောင်း ရေရှည်ကြံ့ခိုင်ပြီး သီးနှံမျိုးစုံ ၂၆၃ ဧကကို စိုက်ပျိုးရေများ လွယ်ကူစွာပေးဝေနိုင်မည်ဖြစ်ပြီး တူးမြောင်း၏ မြောင်းပေါင်ရေတိုက်စားခြင်းမှ ကာကွယ်နိုင်မည်ဖြစ်ပြီး မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် ဘဏ္ဍာနှစ်အလိုက် ပြန်လည်ပြုပြင်ရမည့် မြောင်းများ၊ ပြွန်များနှင့် ရေကျအဆောက်အအုံများ၊ မြောင်းရေလျှံထွက်ပေါက်များနှင့် မြောင်းကြမ်းပြင်များအား ပြန်လည်တူးဖော် ပြုပြင်ပေးလျက်ရှိကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)
No comments