ပြည်သူ့စစ်မှုထမ်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်



စစ်တွေ ဧပြီ ၅

ပြည်သူ့စစ်မှုထမ်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ဧပြီ ၅ ရက် နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ရခိုင်ပြည်နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းက “ပြည်သူ့စစ်မှုထမ်း ဥပဒေကို စတင်အသက်ဝင်အောင် လုပ်ရခြင်းမှာ ရေရှည်အားဖြင့် နိုင်ငံတော်ကို ကာကွယ်နိုင်သည့်စွမ်းရည်၊ နိုင်ငံတော်ကို ကာကွယ်နိုင်သည့်စွမ်းအား၊ နိုင်ငံတော်ကို ကာကွယ်နိုင်သည့်ပညာကို နိုင်ငံသားအားလုံး တတ်မြောက်သွားရန် လိုအပ်သည့်အတွက် ဖြစ်ကြောင်းနှင့် နိုင်ငံတော်ကာကွယ်ရေးသည် တပ်မတော် တစ်ခုတည်းတွင်သာ တာဝန်ရှိသည်မဟုတ်ဘဲ နိုင်ငံသားအားလုံးတွင် တာဝန်ရှိကြောင်း” ပြောကြားသည်။ ဆက်လက်၍ ရခိုင်ပြည်နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရက ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာကိစ္စနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အဖွဲ့ဝင်၊ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ပြည်သူ့စစ်မှုထမ်းဥပဒေအား အသိပညာပေး ဟောပြောဆွေးနွေးသည်။

ယင်းနောက် တက်ရောက်လာကြသူများက သိရှိလိုသည်များ မေးမြန်းကြရာ ပြည်နယ်ဥပဒေချုပ်က ပြန်လည်ဆွေးနွေးဖြေကြားသည်။

ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးနှင့်ပတ်သက်၍ ပြန်လည်ဆွေးနွေးပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်သည်။ အဆိုပါ အခမ်းအနားတွင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကား လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။

တင်ထွန်း(ပြန်/ဆက်)

No comments

Powered by Blogger.