ရန်ကုန်မြို့ရှိ ကမ်းနားနယ်သာယာလှပစေရေး လုပ်ငန်းများ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း ကွင်းဆင်းစစ်ဆေး
ရန်ကုန် ဧပြီ ၅
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်အတူ ဧပြီ ၅ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင် တောင်ဥက္ကလာပမြို့နယ်၊ ပါရမီလမ်းနှင့် ရွှေဖီခိုင်ညှာလမ်းအကြား ငမိုးရိပ်ချောင်း ကမ်းနားနယ်တွင် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒေသ-၁၊ ရန်ကုန်တိုင်းဒေ သကြီးရုံးမှ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ငမိုးရိပ်ချောင်း ကမ်းနားနယ်သာယာလှပရေးလုပ်ငန်း အလျား ပေ ၈၀၀ ဆောင်ရွက် ထားရှိမှုများနှင့် သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ (၃၀)ရပ်ကွက် ရေကြီးရေလျှံမှုကာကွယ်ရေးနှင့် သာယာလှပရေး ဆောင်ရွက်ထားရှိမှုများကို သွားရောက်စစ်ဆေးသည်။
စစ်ဆေးစဉ် ဒုတိယဝန်ကြီးက ကမ်းနားနယ်သာယာလှပရေးလုပ်ငန်းတွင် ပါဝင်သည့် အများပြည်သူ ကျန်းမာရေးအတွက် လျှောက်လမ်းများတွင် မိုးရွာသွန်းမှုကြောင့် ရေတင်ကျန်မှု မရှိစေရေး၊ စိုက်ပျိုးထားသော မြက်ခင်းနှင့် အလှပန်းပင်များ ရှင်သန်မှုရှိစေရေး၊ ညအချိန် မီးအလင်းရောင်များရရှိစေရေး စသည့်လုပ်ငန်းကိစ္စရပ်များနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်သွားရန်၊ လိုအပ်သည်များရှိပါက အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်သွားရန် မှာကြားသည်။
အဆိုပါ ရပ်ကွက်များသည် ယခင်က ငမိုးရိပ်ချောင်းမှ ရေဝင်ရောက်မှုကြောင့် လူနေရပ်ကွက် နေအိမ်များအတွင်း ရေကြီး၊ ရေလျှံမှု ဖြစ်တတ်ပြီး ရပ်ကွက်နေပြည်သူများ ရေလျှံမှု ဒုက္ခကြုံတွေ့နေရခြင်းကို ကာကွယ်နိုင်ရန်အတွက် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအနေဖြင့် ယခုကဲ့သို့ ရန်ပုံငွေများလျာထားသတ်မှတ်ပြီး ရေကြီးရေလျှံမှုကာကွယ်ရေးနှင့် ကမ်းနားနယ် သာယာလှပရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့သဖြင့် ငမိုးရိပ်ချောင်းကမ်းနား သာယာလှပလာခဲ့ပြီး ရပ်ကွက်မှ ပြည်သူများအတွက် ကမ်းနားတစ်လျှောက် ကျန်းမာရေး လေ့ကျင့်ခန်းများ ပျော်ရွှင်ချမ်းမြေ့စွာ ဆောင်ရွက်နိုင်ကြပြီဖြစ်သည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ပုဇွန်တောင်မြို့နယ် အောက်ပုဇွန်တောင်လမ်းရှိ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ရန်ကုန်ရုံးသို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်း ကျင့်ဝတ်နှင့်အညီ ပါတီနိုင်ငံရေးကင်းရှင်းစွာဖြင့် နေထိုင်သွားကြရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းအချင်းချင်း စည်းလုံး ညီညွတ်စွာဖြင့် နေထိုင်သွားကြရန်၊ တစ်ဦးချင်း ကျန်းမာရေးကို အထူးဂရုစိုက်ကြရန်၊ သတင်း၊ စာရွက်စာတမ်း၊ အဆောက်အအုံလုံခြုံရေး အထူးအလေးထား ဂရုပြုကြရန် မှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးက မတ် ၂၂ ရက်တွင် နေပြည်တော်၌ ကျင်းပခဲ့သည် ကမ္ဘာ့ရေနေ့အထိမ်းအမှတ် အခမ်းအနားတွင် ဂုဏ်ပြုတေးသီဆိုခဲ့သော အရာထမ်းများ၊ မေတ္တာရေကြည် တစ်စက် ပြဇာတ်တွင် ပါဝင်သရုပ်ဆောင်ခဲ့ကြသည့် အရာထမ်း၊ အမှုထမ်းများကို ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ပြီး စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ကာ ဝန်ထမ်းများနှင့်အတူ နေ့လယ်စာ သုံးဆောင်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
.jpg)
No comments