နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့် ဦးမြင့်စိုး လယ်ဝေးမြို့နယ်အတွင်းရှိ ရေဘေးရှောင်စခန်းများမှ ပြည်သူများအားတွေ့ဆုံအားပေးပြီး ဆန်၊ ဆီ၊ ရေသန့်နှင့် စားသောက်ဖွယ်ရာများ လှူဒါန်း
လယ်ဝေး စက်တင်ဘာ ၁၈
နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး နှင့် ဦးမြင့်စိုးတို့သည် ယနေ့မွန်းလွဲပိုင်းက နေပြည်တော် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမြင့်ဆောင် နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် လယ်ဝေးမြို့နယ်၊ အောင်းကုန်းကျေးရွာဘုန်းတော်ကြီးကျောင်းနှင့် အေလာဂိုဏ်းထောက်ကျောင်းတို့ရှိ ရေဘေးရှောင်ပြည်သူများအတွက် ဆန်၊ ဆီ၊ရေသန့်၊ ငါးခြောက်၊ ခေါက်ဆွဲခြောက်၊ ကြက်ဥနှင့်စားသောက်ဖွယ်ရာများ၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေများ သွားရောက်ပေးအပ်လှူဒါန်းခဲ့သည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး နှင့် ဦးမြင့်စိုးတို့သည် အောင်းကုန်းကျောင်းဆရာတော်ထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ ထို့နောက် အောင်းကုန်းကျောင်းရှိ ကွမ်းခြံကျေးရွာမှ ရေဘေးရှောင် အိမ်ထောင်စု ၁၃၅ စု၊ လူဦးရေ ၄၀၃ ဦးတို့အတွက် နေပြည်တော်ကောင်စီမှ လှူဒါန်းသည့် ဆန်၊ ဆီ၊ ရေသန့်၊ ငါးခြောက်၊ ခေါက်ဆွဲခြောက်၊ ကြက်ဥနှင့် စားသောက်ဖွယ်ရာများ၊ နေပြည်တော်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ် ၅၄၈၁၀၀ တို့အား နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ ဦးမြင့်စိုးနှင့် တာဝန်ရှိသူများက ပေးအပ်လှူဒါန်းပြီး ရေဘေးရှောင်ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဝင်များသည် အေလာကျေးရွာ၊ အေလာဂိုဏ်းထောက် ကျောင်းဆရာတော်အား ဖူးမျှော်ကြည်ညိုကာ ဆန်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ ထို့နောက် ဂိုဏ်းထောက်ကျောင်းဓမ္မာရုံရှိ ရုံးပင်ကျေးရွာမှ ရေဘေးရှောင်အိမ်ထောင်စု ၇၅ စု၊ လူဦးရေ ၂၈၇ ဦးတို့အတွက် နေပြည်တော်ကောင်စီမှ လှူဒါန်းသည့် ရေသန့်၊ ဆန်၊ဆီ၊ ငါးခြောက်၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်နှင့် စားသောက်ဖွယ်ရာများ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည့် ဆန်ရိက္ခာဖိုးငွေကျပ် ၆၀၂၇၀၀ တို့ကို ပေးအပ်ခဲ့ပြီး ပြည်သူများနှင့်တွေ့ဆုံကာ အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
ဝေကြည်(ပြန်/ဆက်)

No comments