ပြည်ထောင်စုဝန်ကြီးများ အစာအဆိပ်သင့်လူနာများအား သွားရောက်ကြည့်ရှု အားပေးစကားပြောကြားပြီး ထောက်ပံ့ငွေများ ပေးအပ်
နေပြည်တော် စက်တင်ဘာ ၁၈
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ(၂) ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်း ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးတို့သည် ယနေ့မွန်းလွဲပိုင်းတွင် ကလေးရောဂါ အထူးကုဆေးရုံကြီး(နေပြည်တော်)၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၃၀၀) နှင့် ပြည်သူ့ဆေးရုံ(တပ်ကုန်းမြို့)များသို့ သွားရောက်ကာ တပ်ကုန်းမြို့နယ် ကြက်သွန်ခင်းကျေးရွာ အုပ်စုချောင်းခြားကျေးရွာမှ အစာအဆိပ်သင့် ရောဂါလက္ခဏာများဖြစ်ပွား၍ အတွင်းလူနာအဖြစ် ဆေးရုံတက်ရောက်ကုသနေသော လူနာများအား သွားရောက်ကြည့်ရှုအားပေး စကားပြောကြားကာ လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့သည် ကလေးရောဂါအထူးကုဆေးရုံကြီး (နေပြည်တော်)ရှိ ကလေးလူနာ(၅)ဦး၏ ကျန်းမာရေးအခြေအနေကို လည်းကောင်း၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး(ခုတင်-၃၀၀) ဆေးကုသဆောင်ရှိ အစာအဆိပ်သင့်လူနာ(၄)ဦး၏ ကျန်းမာရေး အခြေအနေကို လည်းကောင်း သွားရောက်ကြည့်ရှု၍ အားပေးစကားပြောကြားကာ လက်ဆောင်ပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်သည်။
ပြည်သူ့ဆေးရုံ၊ တပ်ကုန်းမြို့သို့ တက်ရောက်ကုသခဲ့သော အတွင်းလူနာ(၅၆)ဦးအနက် (၃၅)ဦးမှာ ကျန်းမာရေးကောင်းမွန်၍ သက်သာလာသဖြင့် ဆေးရုံမှ ဆင်းခွင့်ရရှိခဲ့ပြီး ကျန်ရှိနေ သောလူနာ(၂၁)ဦးကို ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှု၍ အားပေးစကားပြောကြားကာ လက်ဆောင်ပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်ပြီး လူနာများအား သေချာစွာ စောင့်ကြပ်ကြည့်ရှုကုသရန် မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဆေးရုံတက်ရောက်ကုသနေသော လူနာများအား ရင်းရင်းနှီးနှီး လည့်လှည်ကြည့်ရှုပြီး လတ်ဆတ်သော အစားအစာနှင့် ပူပူနွေးနွေး ချက်ပြုတ်ထားသော အစားအစာကိုသာ စားသုံးရန်၊ ရက်ကျော်နှင့် အချိန်ကျော်သိမ်းထားသော အစားအစာများကို စားသုံးခြင်းမပြုရန်၊ တစ်ကိုယ်ရည်သန့်ရှင်းရေး ဂရုပြုဆောင်ရွက်ရန်၊ မိမိတို့ နေအိမ်ရှိ သောက်ရေသုံးရေများကို ရေသန့်ဆေးပြားထည့်ပြီးမှသာ အသုံးပြုရန်နှင့် နေအိမ်များသို့ ပြန်ရောက်သည့်အခါ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော နေအိမ်များသို့ ပြန်လည်သွားရောက်နေထိုင်ချိန်တွင် သတိပြုလိုက်နာဆောင်ရွက်ရန် အချက်များကို လိုက်နာဆောင်ရွက်ကြရန်တို့ကို မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments