ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် သဘာဝဘေးကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ လမ်း ၊ တံတားများ ပြန်လည်ပြုပြင် ဆောင်ရွက်ပြီးစီးမှု ကြည့်ရှုစစ်ဆေး




နေပြည်တော် စက်တင်ဘာ ၁၈


ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများနှင့်အတူ  ယနေ့တွင် သဘာဝဘေးကြောင့် ပျက်စီးခဲ့သော နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ လမ်း၊ တံတားများအား ယာယီပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် အမြဲတမ်းပြုပြင်ခြင်း လုပ်ငန်းများအတွက်  ဆောင်ရွက်နေမှုတို့ကို ကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။


ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရန်ကုန် - မန္တလေး ပြည်ထောင်စုလမ်းမကြီး မိုင်တိုင် အမှတ် (၂၄၅/၇) ရှိ နဝင်းချောင်းတံတား (အဆုံတံတား)သို့ သွားရောက်ပြီး ချောင်းရေတိုက်စား ပျက်စီးသွားသည့် တံတားချဉ်းကပ်လမ်းအား ယာယီဘေလီတံတားထိုး၍ ပြန်လည်ပြင်ဆင် ဆောင်ရွက်ပြီးစီးပြီဖြစ်၍  ယာဉ်များသတ်မှတ်ချက်အတိုင်း စနစ်တကျဖြတ်သန်းသွားလာမှုနှင့် တံတားကြံ့ခိုင် မှုအခြေအနေတို့ကိုစစ်ဆေးရာ တာဝန်ရှိသူများက ကုန်တင်ယာဉ်ကြီးများ သွားလာနိုင်ရန် ယာယီဘေလီတံတား၏ တံတားသတ်မှတ်ခံနိုင်ဝန်အားကို  စနစ်တကျ စစ်ဆေးတွက်ချက်ဆောင်ရွက်ထားရှိမှု၊ ရေစီးနှင့်အတူ မျောပါလာသော သစ်ပင်ကြီးများ၊  သစ်မြစ်များ၊ သစ်လုံးကြီးများနှင့် ကျောက်တုံးကြီးများအား  ဖယ်ရှားရှင်းလင်းထားရှိမှု၊ တံတား၏ Up Stream နှင့် Down Stream တို့တွင် ရေလမ်းကြောင်းရှင်းလင်း ဆောင်ရွက်ထားရှိမှုနှင့် ကင်းသာလမ်းဆုံ၌ ရေတိုက်စား၍ လမ်းသားပျက်စီးသွားသည့် နေရာများအား ပြန်လည်ပြင်ဆင်ခြင်း ဆောင်ရွက်နေသည့် အခြေအနေတို့ကို ရှင်းလင်းတင်ပြကြသည်။


အဆိုပါ နဝင်းချောင်းတံတား၏ ချဉ်းကပ်လမ်း ပျက်စီးသွားသောနေရာ၌ တန် ၄၀ ခံနိုင်ဝန် ရှိသော အရှည်ပေ ၁၀၀ ၊ ယာဉ်သွားလမ်းအကျယ် ၂၄ ပေ၊ သုံးလွှာတစ်ထပ် ဘေလီတံတား ထိုးခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပြီဖြစ်၍ ခရီးသည်တင် မော်တော်ယာဉ်များ ၊ ကုန်စည်ပို့ဆောင်သည့် မော်တော်ယာဉ်များအား တန် ၄၀ အထိ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်သည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဆင်သေချောင်းတံတား (ပုပ္ပါးကုန်း)သို့ သွားရောက်ပြီး  အရှည်ပေ ၇၀ ၊ ယာဉ်သွားလမ်းအကျယ် ၁၄ ပေ တစ်လွှာတစ်ထပ် ၊ သံပေါင်ဘေလီ တံတားထိုးခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် လမ်းတာဘောင်ကြံ့ခိုင်မှု အခြေအနေများကို လည်းကောင်း၊ ပုဗ္ဗသီရိမြို့ပတ်လမ်းပေါ်ရှိ ဆင်သေချောင်းတံတား (သိုက်ချောင်း) နေရာတွင် ယာဉ်သွားလာမှု ပိုမိုအဆင်ပြေ လွယ်ကူစေရေးအတွက် ယာယီ ပြင်ဆင်ပြီး၍ အသုံးပြုနေပြီဖြစ်သော အရှည် ပေ ၁၃၀ ၊ ယာဉ်သွားလမ်းအကျယ် ၁၄ ပေ နှစ်လွှာတစ်ထပ် ယာယီဘေလီတံတားနှင့်အပြိုင် နောက်ထပ်ဘေလီ တံတား တစ်စင်းထိုး၍ အသွားတစ်စင်း၊ အပြန်တစ်စင်း အသုံးပြုနိုင်ရေးဆောင်ရွက်နေသည့် အခြေ အနေကို လည်းကောင်း၊ မွန်းတည့်ခွင်-ကျည်တောင်-ခေါမ-ညောင်ပင်သာလမ်းပေါ်ရှိ တံတားအ မှတ်(၂/၂၀)၏ ရေတိုက်စား၍ ပျက်စီးသွားသည့်နေရာအား ယာယီဘေလီတံတားထိုးခြင်း ဆောင်ရွက် နေသည့် အခြေအနေကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းလို အပ်ချက်များ မှာကြားသည်။


ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် နေပြည်တော်ကောင်စီနယ်မြေအတွင်း ရေကြီးရေလျှံမှု များကြောင့် လမ်း ၊ တံတားများ ပျက်စီးမှုများကို အချိန်နှင့်တပြေးညီ အမြန်ဆုံး ပြန်လည်ပြင်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါ အများပြည်သူများ သွားလာရေး လွယ်ကူအဆင်ပြေနေပြီဖြစ်ပြီး ကုန်စည်များလည်း အဆက်မပြတ် ပို့ဆောင်နိုင်ပြီဖြစ်ကြောင်းနှင့် ပြန်လည် ပြင်ဆင်ပြီးစီး ခဲ့သည့်လမ်း၊ တံတားများ၏ ကြံ့ခိုင်မှုအား ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် နေ့ညမပြတ် အရှိန် အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ယာယီပြုပြင်ပြီးတံတားများကို မူလအခြေအနေ အတိုင်းဖြစ်စေရေး အခိုင်အမာတံတားများအဖြစ် ကြိုးစားပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။


သတင်းစဉ်

No comments

Powered by Blogger.