ရေကြီး၊ ရေလျှံမှုများကြောင့် အသက်ဆုံးရှုံးခဲ့ရသူများအတွက် တစ်ဦးလျှင် ထောက်ပံ့ငွေကျပ်(၈) သိန်း ပေးအပ်သွားမည်




နေပြည်တော် စက်တင်ဘာ ၁၈


မုန်တိုင်းရာဂီ၏ သက်ရောက်မှုနှင့် ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သော လေဖိအားနည်းရပ်ဝန်းတို့၏ အရှိန်ကြောင့် မြန်မာနိုင်ငံအတွင်း နေပြည်တော်ကောင်စီ၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးတို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုများဖြစ်ပေါ်ကာ ဒေသနေ ပြည်သူလူထုများအနေဖြင့် အသက်အိုး အိမ်ဆုံးရှုံးခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပျက်စီးဆုံးရှုံးခြင်းများကို ဝမ်းနည်းဖွယ်ရာ တွေ့ကြုံခံစားခဲ့ရသည်။


အဆိုပါ ဘေးသင့်ပြည်သူများအနက် အသက်ဆုံးရှုံးခဲ့ရသူများအတွက် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီရန်ပုံငွေမှ တစ်ဦးလျှင် ထောက်ပံ့ငွေ ကျပ်(၅)သိန်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ခွင့်ပြုရံပုံငွေမှ တစ်ဦးလျှင် ထောက်ပံ့ငွေကျပ်(၃)သိန်းနှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေ ကျပ်(၈)သိန်းစီကို ကျန်ရစ်သူမိသားစုထံသို့ ပေးအပ်ထောက်ပံ့သွားမည်ဖြစ်ကြောင်းနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့များကလည်း ထပ်ဆောင်းထောက်ပံ့ သွားမည်ဖြစ်ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ထုတ်ပြန်ထားသည်။


ထိခိုက်ဒဏ်ရာခံစားခဲ့ရမှု အခြေအနေနှင့် အိုးအိမ်များပျက်စီးဆုံးရှုံးရမှု အခြေအနေများအပေါ်မူတည်ကာ လိုအပ်သည့် ထောက်ပံ့ကူညီမှုများကို ဆက်လက်ဆောင်ရွက်ပေး သွားရန် စီစဉ်ထားရှိကြောင်း သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.