မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းအား နိုင်ငံတကာကုမ္ပဏီများနည်းတူ အဆင့်မီတိုးတက်ရေးအတွက် သုံးသပ်အကြံပြု ညှိနှိုင်းဆွေးနွေးခြင်း အခမ်းအနားကျင်းပ




နေပြည်တော် စက်တင်ဘာ ၁၈ 


နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ခိုင်မာစေရန် ရည်ရွယ်၍ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းအား နိုင်ငံတကာကုမ္ပဏီများနည်းတူ အဆင့်မီ တိုးတက်ရေးအတွက် သုံးသပ်အကြံပြုညှိနှိုင်းဆွေးနွေးခြင်း (Brainstorming Session) အခမ်းအနား ကို ယနေ့နံနက်ပိုင်းတွင် စွမ်းအင်ဝန်ကြီးဌာန ရုံးအမှတ်(၆)ရှိ ရတနာခန်းမ၌ ကျင်းပပြုလုပ်သည်။


အခမ်းအနားသို့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ ဒုတိယဝန်ကြီး ဦးသန့်စင်၊ စွမ်းအင်ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။


ဦးစွာ ပြည်ထောင်စုဝန်ကြီးက မိမိတို့နိုင်ငံအနေဖြင့် ရေနံတူးဖော်မှုကို ၁၈၈၆ ခုနှစ် ကတည်းက စတင်လုပ်ကိုင်ခဲ့ခြင်းဖြစ်ရာ နှစ်ပေါင်းများစွာ လုပ်ငန်းအတွေ့အကြုံများ ရှိခဲ့သော်လည်း ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်သည် နိုင်ငံတကာ ရေနံကုမ္ပဏီများနှင့် နှိုင်းယှဉ်ပါက များစွာနှေးကွေး လျက်ရှိသည်ကို တွေ့မြင်နိုင်ကြောင်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော် ထုတ်လုပ်ခြင်း (Upstream)၊ သယ်ယူပို့ဆောင်ခြင်း (Midstream) နှင့် ချက်လုပ်ခြင်း (Downsteram) ကဏ္ဍ ၃ မျိုး လုံးတွင် ခေတ်မီဖွံ့ဖြိုးလာစေရေး ဝိုင်းဝန်းကြိုးစားကြရမည်ဖြစ်သည့်အပြင် မိမိတို့နိုင်ငံအတွင်း၌ တည်ထောင်ထားပြီးဖြစ်သော စွမ်းအင်ကဏ္ဍနှင့် သက်ဆိုင်သည့် အခြေခံ အဆောက်အဦများများကို ထိရောက်စွာအသုံးပြု၍ မိမိတို့နိုင်ငံ၏တည်နေရာအနေအထားကို အသုံးချပြီး စွမ်းအင်ကုန်သွယ်ရေး (Energy Trading) ကို Business အသွင်ဖြင့် အကျိုးရှိအောင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ စွမ်းအင်ကုန်သွယ်ရေးလုပ်ငန်း (Energy Trading) မှ ဝင်ငွေရရှိလာသည့်အခါ လိုအပ်သည့် အခြေခံအဆောက်အဦများ ထပ်မံတည်ဆောက်ခြင်းဖြင့် လုပ်ငန်းပိုမိုကြီးထွားလာနိုင်မည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ စွမ်းအင်ကဏ္ဍလုပ်ငန်းများအား နိုင်ငံတကာအဆင့်မီ ဆောင်ရွက်နိုင်စေရန်အတွက် မြန်မာ့ ရေနံနှင့်သဘဘာဝဓာတ်ငွေ့လုပ်ငန်းကို နိုင်ငံတကာရေနံကုမ္ပဏီများနည်းတူ အဆင့်မီတိုးတက်ရေးအတွက် သုံးသပ်အကြံပြုညှိနှိုင်းဆွေးနွေးခြင်း (Brainstorming Session) အခမ်းအနားကိုကျင်းပ ရခြင်းဖြစ်ကြောင်း၊ Brainstorming Session ဖြစ်သည်နှင့်အညီ တက်ရောက်လာကြသူများအနေဖြင့် မိမိတို့၏ အမြင်နှင့် သုံးသပ်ချက်များကို ပွင့်လင်းစွာဆွေးနွေးသွားကြရန် ဖိတ်ခေါ်ပါကြောင်း ပြောကြားပြီး ဦးဆောင်ဆွေးနွေးသည်။


ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် တာဝန်ရှိသူများနှင့် ဝန်ထမ်းများက မြန်မာ့ရေနံနှင့်သဘဝဓာတ်ငွေ့လုပ်ငန်းကို နိုင်ငံတကာကုမ္ပဏီများနည်းတူ အဆင့်မီတိုးတက်စေရေး ဆောင်ရွက်သင့်သည့်လုပ်ငန်းစဉ်များ၊ ဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန်များ၊ ပြုပြင်ပြောင်းလဲသင့်သည့် ကိစ္စရပ်များ၊ ဖြည့်ဆည်းရမည့် အခြေအနေများကို ပွင့်လင်းစွာဆွေးနွေးသုံးသပ်ကြရာ ဒုတိယဝန်ကြီးက ဖြည့်စွက်အကြံပြုဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။


သတင်းစဉ်

No comments

Powered by Blogger.