အစ္စရေးရဲ့ ပြန်လည်လက်တုံ့ပြန်အစီအစဉ်တွေနဲ့ အဝေးမှာရှိနေတဲ့ ဗြိတိန်
နှင်းမိုးအိမ်
အီရန်တို့ဟာ အောက်တိုဘာ ၁ ရက်နေ့မှာတော့
အစ္စရေးနိုင်ငံဘက်ကို ဒုံးကျည်တွေ တရပ်စပ်
ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ဟားမားစ်အကြီးအကဲ အစ္စမေးလ်ဟာနီယာ တီဟီရန်မြို့မှာ
အသတ်ခံရတဲ့ကိစ္စနဲ့ ဘေရွတ်မြို့မှာ ဟစ်ဇ်ဘိုလာခေါင်းဆောင် ဟတ်ဆန်နက်စရယ်လာတို့ အသတ်ခံရမှုတို့အတွက်
ပြန်လည် လက်တုံ့ပြန်ခြင်း ဖြစ်တယ်လို့ ကြွေးကြော်ခဲ့ကြပါတယ်။
ဆွေးနွေးခဲ့ကြ
အီရန်အပေါ် အစ္စရေးတို့ဘက်ကနေ ဘယ်လိုမျိုး
အရေးယူတုံ့ပြန်မှုတွေ ပြုလုပ်မလဲဆိုတာနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ အစ္စရေးတို့ဆွေးနွေးခဲ့ကြပါတယ်။
လတ်တလောမှာတော့ အီရန်နိုင်ငံက ရေနံတင်ပို့မှုနဲ့ ပတ်သက်တဲ့ ကုမ္ပဏီတွေ၊ သင်္ဘောတွေကို
အမေရိကန်ဘက်ကနေ ပိတ်ဆို့မှုပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။
အဝေးမှာပဲနေနေ
ဗြိတိန်ကတော့ အမေရိကန်လို မဟုတ်ပါဘူး။
အစ္စရေးရဲ့ ပြန်လည်လက်တုံ့ပြန်မှုတွေနဲ့ အဝေးမှာပဲ နေနေတာကို တွေ့ရပါတယ်။ ဗြိတန်နိုင်ငံဟာ
အီရန်အပေါ် အစ္စရေးရဲ့ တိုက်ခိုက်မှုတွေ မှာ ပူးပေါင်းပါဝင်သွားမှာမဟုတ်ဘူးလို့ သိရပါတယ်။
ဒါပေမယ့်လည်း အီရန်ကသာ အစ္စရေးအပေါ်မှာ နောက်ထပ်တိုက်ခိုက်မှုတွေပြုလုပ်လာရင် ဘယ်လိုဆုံးဖြတ်သွားမလဲဆိုတာကတော့
ဗြိတိန်ဘက်က မသေချာသေးပါဘူး။
အရှိန်လျော့ကျသွားတာကို မြင်ချင်
အစ္စရေးဘက်ကနေ ဘယ်လိုမျိုး စစ်ရေးအရ
အရေးယူမှုတွေ လုပ်ဆောင်သွားမလဲဆိုတဲ့အချက်မှာလည်း ဗြိတိန် က ဝန်ကြီးတွေ ရှင်းရှင်းလင်းလင်း
မသိကြသေးပါဘူး။ ဒါကိုကြည့်ခြင်းဖြင့် ဗြိတိန်ဟာ
အီရန်အပေါ် တိုက်ခိုက်မှုနဲ့ ဝေးဝေးမှာနေချင်ပြီး ပဋိပက္ခတွေအရှိန်လျော့ကျသွားတာကို
မြင်ချင်တယ်ဆိုတာ ပြသလျက် ရှိပါတယ်။ တိုက်ခိုက်မှုတွေ ပြုလုပ်နိုင်ခြေရှိတာနဲ့ ပတ်သက်ပြီး
ဆုံးဖြတ်ချက်ကို အောက်တိုဘာ ၁၃ ရက် အစိုးရအဖွဲ့ ဝန်ကြီးဆွေးနွေးပွဲမတိုင်မီအထိ ရွှေ့ဆိုင်းထားပြီး
အဲဒီနောက်မှာတော့ အစ္စရေးကာကွယ်ရေးဝန်ကြီး ယိုအက်ဗ်ဂဲလန့်ဟာ အမေရိကန်ကာကွယ်ရေးဝန်ကြီး
လွိုက်အော်စတင်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ ဝါရှင်တန်ကို သွားလိမ့်မယ်လို့ အစီရင်ခံစာတွေအရ
သိရပါတယ်။
ကြားသိရ
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုဟာ
လက်ဘနွန်မှာရှိတဲ့ ဟစ်ဇ်ဘိုလာတွေကို ထိခိုက်စေတဲ့ အောင်မြင်မှုတွေ ရရှိခဲ့တဲ့နောက်
ပိုပြီးရဲရင့်လာတယ်လို့ ဗြိတိန်က အရာရှိတွေက ရှုမြင်ကြပါတယ်။ အရှေ့အလယ်ပိုင်းဒေသ ပါဝါချိန်ခွင်လျှာကို
ပြန်လည်ပုံဖော်ဖို့နဲ့ အီရန်ကိုအားနည်းသွားစေဖို့ လုပ်ဆောင်လိုတယ်။
နေတန်ယာဟုဟာ အနောက်ဘက်ကမ်းကို ကျူးကျော်ပြီး
ပါလက်စတိုင်းတွေကို ဂျော်ဒန်နယ်စပ် ထိရောက်အောင် တွန်းပို့မယ်လို့ ယခုသီတင်းပတ်အတွင်း
ဂျော်ဒန်သံတမန်တွေဆီကနေ ကြောက်လန့်တကြား သတင်းစကားတွေကို ဗြိတိန်အရာရှိတွေ ကြားသိနေရပါတယ်။
လေပိုင်နက် အသုံးပြုခွင့်မပေး
အဲဒါတွေကြောင့် လက်ဘနွန်နဲ့ အခြားသောအရှေ့အလယ်ပိုင်းနိုင်ငံတွေမှာရှိတဲ့
ဗြိတိန်နိုင်ငံသားတွေအတွက် ဘယ်လိုမျိုး ကယ်ဆယ်ရေးအစီအစဉ်တွေ ပြုလုပ်ရမလဲဆိုတာကို ဗြိတိန်ဝန်ကြီးတွေ
စဉ်းစားလာကြပါပြီ။ လစ်ဘရယ် ဒီမိုကရက်တွေကတော့ အီရန်ကိုတိုက်ခိုက်ခြင်းမပြုဖို့ အစ္စရေးကို
တိုက်ရိုက်တိုက်တွန်းကြပါတယ်။ ပင်လယ်ကွေ့နိုင်ငံအချို့ကလည်း အစ္စရေးကသာ အီရန်ကိုတိုက်ခိုက်မယ်ဆိုရင်
သူတို့ရဲ့ လေပိုင်နက်တွေကို အသုံးပြုခွင့်မပေးဘူးလို့ ပြောကြပါတယ်။
သုံးသပ်ထား
ဥရောပ နိုင်ငံခြားဆက်ဆံရေးကောင်စီ အရှေ့အလယ်ပိုင်း
အထူးကျွမ်းကျင်သူဟျူ့လောဘတ်က နေတန် ယာဟုဟာ အမေရိကန်နဲ့ အနောက်အုပ်စုကို စစ်ပွဲအတွင်းဆွဲမထည့်နိုင်သေးဘူးလို့
သုံးသပ်ထားပါတယ်။ အစ္စရေးဟာ စစ်ပွဲကိုစတင်နိုင်ပေမယ့် အမေရိကန်က အပြီးသတ်အောင် လုပ်ဆောင်နိုင်လိမ့်မယ်လို့
တွက်ချက် ထားကြပါတယ်။ အမေရိကန်ဘက်က တွန့်ဆုတ်နေပေမယ့် အစ္စရေးဘက်ကနေ အမေရိကန်ကို အီရန်နဲ့
ထိပ်တိုက်ရင်ဆိုင်လာဖို့ တွန်းအားတွေပေးနိုင်တယ် လို့ သုံးသပ်ထားကြပါတယ်။
ထိန်းချုပ်နိုင်ခြင်းမရှိ
အရှေ့အလယ်ပိုင်းဒေသမှာ အမေရိကန်ရဲ့
အကျိုးစီးပွားထိခိုက်မှာနဲ့ အန္တရာယ်တွေများလာမှာဖြစ်တာကြောင့် အမေရိကန်အရာရှိတွေဟာ
အီရန်နဲ့ထိပ်တိုက်မတွေ့ချင်ကြဘူး။ ဒါပေမယ့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် အစိုးရအဖွဲ့ဟာ
ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ နေတန်ယာဟုကို ထိန်းချုပ်နိုင်ခြင်းမရှိဘူးလို့ ၎င်းက သုံးသပ်ထားပါတယ်။
ပြင်ဆင်ထား
အစ္စရေးဘက်ကသာ လက်တုံ့ပြန်မှု တွေပြုလုပ်လာရင်
ပြန်လည်တုံ့ပြန်ဖို့ နှောင့်နှေးနေမှာမဟုတ်ဘူးလို့ အီရန် နိုင်ငံခြားရေးဝန်ကြီး အဘတ်စ်
အရာဂ်ချီက ပြောပါတယ်။ ကာကွယ်ရေးအတွက် လုံလောက်တဲ့ဆောင်ရွက်မှု မျိုးတွေ အီရန်ဘက်က ပြင်ဆင်ထားတယ်လို့လည်း
သူကဆက်ပြောပါတယ်။
ဧပြီလအတွင်းက ပထမဆုံး အီရန်ရဲ့တိုက်ခိုက်မှုအပြီးမှာ
အစ္စရေးဟာ အစ္စဖာဟန်မှာရှိတဲ့ နျူကလီယား စက်ရုံတွေကို ကာကွယ်ထားတဲ့ အက်စ်- ၃၀၀ ဒုံးကျည်ကာကွယ်ရေး
ရေဒါစနစ်ကို ထိမှန်ဖို့အတွက် အထိုင်ချထားပါတယ်။
အစ္စရေးအနေနဲ့ အပြစ်မဲ့သူတွေကို သတ်ဖြတ်နေတာတွေ
ရပ်တန့်သင့်ပြီလို့ အီရန်သမ္မတ မာဆွတ်ပဇက်ခီယန် က ပြောပါတယ်။ အရှေ့အလယ်ပိုင်းဒေသမှာ
ဖြစ်ပွားနေတဲ့ ၎င်းတို့ရဲ့ လှုပ်ရှားမှုတွေဟာ အမေရိကန်နဲ့ အီးယူကို ကျောထောက်နောက်ခံပြုထားတယ်လို့
ဆက်ပြောပါတယ်။
သေကျေပျက်စီးခဲ့ရ
အရှေ့အလယ်ပိုင်းဒေသမှာ ဖြစ်ပွားနေတဲ့
ပဋိပက္ခကြောင့် လူ့အသက်ပေါင်းများစွာ သေကျေပျက်စီးခဲ့ရပြီး ဖြစ်ပါတယ်။ လွန်ခဲ့သည့်နှစ်
အောက်တိုဘာ ၇ ရက်ကစလို့ အစ္စရေးနဲ့ ဟားမားစ်တို့ ပဋိပက္ခတွေ ပြင်းထန်လာချိန် လူပေါင်းသန်းနဲ့ချီပြီး
အကျပ်အတည်းဒုက္ခတွေ နဲ့ရင်ဆိုင်ခဲ့ရပါတယ်။
မပြီးဆုံးနိုင်တဲ့ ပဋိပက္ခတွေကြောင့် လက်ဘနွန်နဲ့ အနောက်ဘက်ကမ်းတို့မှာ အကျပ်အတည်းတွေကို
အပြင်းအထန် ခံစားနေရပါတယ်။ ။
ကိုးကား - သည်ဂါဒီယန်း
No comments