ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး မစ္စတာ အဘ်ဟေး တာကူးရ် (H.E . Mr. Abhay Thakur) ကို လက်ခံတွေ့ဆုံ



နေပြည်တော် အောက်တိုဘာ ၁၄


ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး  မစ္စတာအဘ်ဟေး တာကူးရ် (H.E. Mr. Abhay Thakur) ကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန  ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။


တွေ့ဆုံစဉ် မြန်မာ - အိန္ဒိယ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်လျက်ရှိသော လမ်းပန်း ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ကုန်စည်စီး ဆင်းမှု ပိုမိုမြန်ဆန်ချောမွေ့၍ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ပိုမိုတိုးတက်စေရန် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး တို့အတွက် အိန္ဒိယနိုင်ငံ၏အကူအညီ အထောက်အပံ့ (Grant Aid) ဖြင့် ဆောင်ရွက်နေသော ယာကြီး - ကလေးဝ လမ်းအပိုင်း  အဆင့်မြှင့်တင်ခြင်း၊  တမူး - ကျီကုန်း - ကလေးဝလမ်းပေါ်ရှိ တံတား(၆၉)စင်း ပြုပြင် ထိန်းသိမ်းခြင်း၊ ပလက်ဝ - ဇိုရမ်ပူလမ်း အဆင့်မြှင့်တင် ဆောင်ရွက်ခြင်း လုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။


တွေ့ဆုံပွဲသို့ ဝန်ကြီးဌာနမှ ဝန်ထမ်းအကြီးအမှူးများနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)


No comments

Powered by Blogger.