ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် အိန္ဒိယသမ္မတနိုင်ငံအစိုးရတို့အကြား “မြန်ဆန်စွာ အကျိုးဖြစ်ထွန်းစေမည့် စီမံချက်များ (Quick Impact Projects-QIP)” အကောင်အထည်ဖော် ဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာ (MoU) များ လက်မှတ်ရေးထိုး



နေပြည်တော် အောက်တိုဘာ ၁၄


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် အိန္ဒိယသမ္မတနိုင်ငံအစိုးရတို့အကြား “မြန်ဆန်စွာအကျိုး ဖြစ်ထွန်းစေမည့် စီမံချက်များ (Quick Impact Projects-QIP)” အကောင် အထည်ဖော်ဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာ ၅ စောင် လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁) အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ သက်ဆိုင်ရာဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ သက်ဆိုင်ရာ အကောင်အထည်ဖော် မည့်ဌာနများမှ ဌာနဆိုင်ရာအကြီးအကဲများနှင့် အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E. Mr. Abhay Thakur ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးမှ ဒုတိယအကြီးအကဲ Mr. Ashish Sharma ၊ အိန္ဒိယနိုင်ငံဘက်မှ တာဝန်ရှိကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။


အခမ်းအနားတွင် “စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် တောင်သူလယ်သမားများ၏ လူမှုစီးပွား ဖွံ့ဖြိုးရေးအတွက် အခြောက်ခံစက်နှင့် အခြောက်ခံစက်ထားရန်အဆောက်အဦ စီမံချက် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ”၊ “အဆင့်မြင့် စိုက်ပျိုးရေး သုတေသနနှင့် ပညာရေးဗဟိုဌာန ဗဟုသုတဘဏ်တည်ထောင်ခြင်း စီမံချက် အကောင်အထည် ဖော်ဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ”၊ “မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံအောက်ရှိ ရက်ကန်းနှင့် အသက်မွေးပညာ ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး စီမံချက်အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ”၊ “မန္တလေး တိုင်းဒေသကြီးရှိ အမျိုးသမီးကလေးများကျောင်းအတွက် တစ်ထပ်အဆောက်အဦ ဆောက်လုပ်ခြင်း စီမံချက် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ”နှင့် “ရန်ကုန်တိုင်း ဒေသကြီး၊ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန တည်ထောင်ခြင်းစီမံချက် အကောင် အထည်ဖော် ဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ”တို့ကို သက်ဆိုင်ရာဝန်ကြီးဌာနများမှ ညွှန်ကြားရေး မှူးချုပ်များ၊ ပါမောက္ခချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံသံရုံး၏ ဒုတိယ အကြီးအကဲ Mr. Ashish Sharma တို့က လက်မှတ်ရေးထိုး ကြသည်။


စီမံချက်များသည် စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ ၂၅၀,၀၀၀ ရှိပြီး “စိုက်ပျိုးရေး ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးနှင့် တောင်သူလယ်သမားများ၏ လူမှုစီးပွားဖွံ့ဖြိုးရေးအတွက် အခြောက်ခံစက်နှင့် အခြောက်ခံစက်ထားရန်အဆောက်အဦစီမံချက် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှု စာချွန်လွှာ”ကို လက်မှတ်ရေးထိုး အကောင်အထည်ဖော်ခြင်း အားဖြင့် စပါးစိုက်ပျိုးသည့် လူ့အဖွဲ့အစည်းများ၏ အသက်မွေးဝမ်းကြောင်းကို မြှင့်တင်နိုင်ခြင်း၊ “အဆင့်မြင့်စိုက်ပျိုးရေး သုတေသနနှင့် ပညာရေးဗဟိုဌာန ဗဟုသုတဘဏ်တည်ထောင်ခြင်း စီမံချက် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ”ကို လက်မှတ်ရေးထိုး အကောင်အထည်ဖော်ခြင်းအားဖြင့် တက္ကသိုလ်အတွင်း ပညာရပ်နှင့် သုတေသနဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များ၊ စာအုပ်စာတမ်းများ ရယူနိုင်သည့် ဗဟုသုတဘဏ် ထူထောင် နိုင်ခြင်း၊ “မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ဆောင်းဒါး ရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံအောက်ရှိ ရက်ကန်းနှင့် အသက်မွေးပညာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး စီမံချက်အကောင် အထည်ဖော်ဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ”ကို လက်မှတ်ရေးထိုး အကောင်အထည်ဖော်ခြင်းအားဖြင့် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းများရှိ ဆရာ၊ ဆရာမများသည် နည်းပညာရပ်များ လေ့လာသင်ယူခွင့်ရရှိနိုင်ခြင်း၊  “မန္တလေးတိုင်းဒေသကြီးရှိ အမျိုးသမီး ကလေးများကျောင်းအတွက် တစ်ထပ်အဆောက်အဦ ဆောက်လုပ်ခြင်းစီမံချက် အကောင် အထည်ဖော် ဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ” ကို လက်မှတ်ရေးထိုး အကောင်အထည် ဖော်ခြင်းအားဖြင့် အမျိုးသမီးကလေးများ၏ လူနေမှုဘဝပိုမိုတိုးတက်ကောင်းမွန်လာစေခြင်းနှင့် “ရန်ကုန် တိုင်းဒေသကြီး၊ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန တည်ထောင်ခြင်းစီမံချက် အကောင်အထည် ဖော်ဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ”ကို လက်မှတ်ရေးထိုး အကောင်အထည် ဖော်ခြင်းအားဖြင့် ရန်ကုန်မြို့၌ နိုင်ငံတကာလူသားချင်းစာနာမှု အကူအညီများ လက်ခံရာတွင် သယ်ယူပို့ဆောင်ရေးဆိုင်ရာဗဟိုဌာနအဖြစ် အမျိုးသားအဆင့် အကြီးစားဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ့မှု ဗဟိုဌာနအနေဖြင့် အထောက်အကူပေးနိုင်ခြင်းစသည့် အကျိုး ကျေးဇူးများရရှိမည်ဖြစ်သည်။ စီမံချက်များအကောင်အထည်ဖော်ရေးအတွက် စီမံချက်ဆိုင်ရာ စောင့်ကြည့်စစ်ဆေးရေးပူးတွဲကော်မတီ ဖွဲ့စည်း၍ ကြီးကြပ်အကောင်အထည်ဖော်သွားမည် ဖြစ်သည်။


QIP စီမံချက်များသည် နှစ်နိုင်ငံအစိုးရ တို့အကြား လက်မှတ်ရေးထိုးချုပ်ဆိုခဲ့သည့် အကူအညီပေးရေး ဆိုင်ရာ သဘောတူစာချုပ်အရ ဆောင်ရွက်ခြင်းဖြစ်ပြီး၊ စီမံချက်တန်ဖိုးအားဖြင့် စီမံချက်တစ်ခုလျှင် အမေရိကန်ဒေါ်လာ ၅၀,၀၀၀ တန်ဖိုး ခွင့်ပြုပေးခြင်းဖြစ်သည်။ ယမန်နှစ် ကလည်း အလားတူစီမံချက် ၃ ခုကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်းနှင့် အဆိုပါ QIP စီမံချက်များကို မြန်မာနိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေရန် အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် ဆက်လက်ညှိနှိုင်း ဆောင်ရွက်ရန်ရှိကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments

Powered by Blogger.