ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး ပဥ္စမအကြိမ် အမျိုးသားအားကစားပွဲတော်အောင်မြင်စွာ ကျင်းပနိုင်ရေး တည်းခိုနေထိုင်ရေးနှင့် ဧည့်ခံကျွေးမွေးရေး ဆပ်ကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေး
နေပြည်တော် နိုဝင်ဘာ ၅
၂၀၂၄ခုနှစ် ပဥ္စမအကြိမ်အမျိုးသားအားကစားပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး၊ တည်းခိုနေထိုင်ရေး နှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီဥက္ကဋ္ဌ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး သည် ယမန်နေ့ညနေပိုင်းတွင် နေပြည်တော်ရှိ တည်းခိုရေးစခန်းကို ကြည့်ရှုစစ်ဆေးသည်။
ထိုသို့စစ်ဆေးစဉ် ဒုတိယဝန်ကြီးက တည်းခိုနေထိုင်ရေးနှင့် ဧည့်ခံကျွေးမွေးရေး ဆပ်ကော်မတီဝင်များ၊ တည်းခိုရေးစခန်းတို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ပြိုင်ပွဲဝင်အားကစား သမားများ၊ အားကစားန ည်းပြများ၊ အုပ်ချုပ်ရေးအဖွဲ့များနှင့် ဒိုင်/ဂျူရီများတည်းခို နေထိုင်မည့် နေရာများအား ကျန်းမာရေးနှင့် ညီညွတ်ပြီး သန့်ရှင်းသပ်ရပ်သော ပတ်ဝန်းကျင်ဖြစ်စေရေး ဆပ်ကော်မတီဝင်များအားလုံးက ပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ဆပ်ကော်မတီဝင်များက တည်းခိုနေထိုင်ရေး၊ ဧည့်ခံကျွေးမွေးရေး တို့နှင့်စပ်လျဉ်း၍ ဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ပြိုင်ပွဲဝင်အားကစားသမားများ၊ အားကစားနည်းပြများ၊ အုပ်ချုပ်ရေး အဖွဲ့များနှင့် ဒိုင်/ဂျူရီများအတွက် ဧည့်ခံကျွေးမွေးမည့်နေရာများ၊ တည်းခိုနေထိုင် မည့်အိပ်ခန်းများနှင့် တည်းခိုဆောင်များကို ကြည့်ရှုစစ်ဆေးပြီး အိမ်ဆောင်များတွင် လိုအပ်သော ပရိဘောဂပစ္စည်းများ ဖြည့်တင်းနိုင်ရေး၊ ရေ၊ မီး၊ မိလ္လာစနစ်ကောင်းမွန်အောင်ဆောင်ရွက်ရေးနှင့် အိပ်ဆောင်အတွင်းအပြင် သန့်ရှင်းသပ်ရပ်မှုရှိစေရေး မှာကြားသည်။
(သတင်းစဉ်)
No comments