ဒီပလိုမာစာရင်းကိုင် (ပထမပိုင်း) အမှတ်စဉ် - ၄၄ သင်တန်းဖွင့်
နေပြည်တော် နိုဝင်ဘာ ၅
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း နေပြည်တော် နှင့် ရန်ကုန်တို့တွင် မြန်မာနိုင်ငံစာရင်းကောင်စီမှ ကြီးမှူးဖွင့်လှစ်သည့် ဒီပလိုမာစာရင်းကိုင် (ပထမပိုင်း) အမှတ်စဉ် - ၄၄ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲ ပြည်ထောင်စုစာရင်းစစ်ချုပ် မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦး၊ ဒုတိယစာရင်းစစ်ချုပ် မြန်မာနိုင်ငံစာရင်းကောင်စီ ဒုတိယဥက္ကဋ္ဌ(၁) ဒေါ်နိုင်သက်ဦး၊ အမြဲတမ်း အတွင်းဝန်နှင့် တာဝန်ရှိသူများ၊ သင်တန်းကထိကများနှင့် သင်တန်းသားများက နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နဝရတ်ခန်းမမှ လည်းကောင်း၊ မြန်မာနိုင်ငံစာရင်းကောင်စီ ဒုတိယဥက္ကဋ္ဌ (၂) ဦးဝမ်းတင်နှင့် ကောင်စီဝင်များ၊ မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းကိုင်များ အသင်း၊ မြန်မာနိုင်ငံစာရင်းကောင်စီနှင့် ကိုယ်ပိုင်စာရင်းကိုင်သင်တန်းကျောင်းတို့မှ တာဝန်ရှိသူများ၊ သင်တန်းကထိကများနှင့် သင်တန်းသားများက Online ဖြင့်လည်းကောင်း တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က ယခုသင်တန်းသည် စာရင်းပညာဖြင့် အသက်မွေး ဝမ်းကျောင်းပြုမည့်သူများအတွက် အခြေခံကောင်းများရရှိစေမည်သာမက စာရင်းပညာရှင် (လက်မှတ်ရပြည်သူ့ စာရင်းကိုင် - CPA) အဖြစ် ဆက်လက် လျှောက်လှမ်းနိုင်မည့် သင်တန်းတစ်ခု လည်းဖြစ်ပါကြောင်း၊ သို့ပါ၍ သင်တန်းသားများအနေဖြင့် သင်ကြားပို့ချပေးမှုများကို လက်တွေ့ဘဝ အသက်မွေးမှု တွင် ပြန်လည်အသုံးချနိုင်ရန်အတွက် အလေးထားလေ့လာမှတ်သားကြရန်၊ တန်ဖိုး ရှိသည့်အချိန်ကို အကျိုးရှိစွာအသုံးချကြရန် လိုအပ်ပါကြောင်း၊ သင်တန်းစည်းကမ်း များကို လေးစားလိုက်နာပြီး မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် လေ့လာသင်ယူကြ၍ မိမိတို့၏ ရည်မှန်း ချက်ပန်းတိုင်များသို့ တက်လှမ်းနိုင်သူများဖြစ်စေရေး ကြိုးစားကြစေလိုပါကြောင်း တိုက်တွန်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အဆင့်မြင့်စာရင်းကိုင်နှင့်စာရင်းစစ် သင်တန်းကျောင်း၊ နေပြည်တော်သင်တန်းကျောင်း တာဝန်ခံက သင်တန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းပြော ကြားသည်။
သင်တန်းကို နေပြည်တော်သင်တန်းကျောင်းတွင် ဝန်ကြီးဌာနအသီးသီးမှ သင်တန်းသား (၆၄) ဦးနှင့် ရန်ကုန်သင်တန်းကျောင်းတွင် သင်တန်းသား (၄၃) ဦး၊ စုစုပေါင်း သင်တန်းသား (၁၀၇) ဦး တို့ကို ဘာသာရပ် ၆ ခုဖြင့် (၁၀) လကြာ တစ်ပြိုင်တည်း ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)
No comments