ဟိုတယ်နှင့်ဧည့်ဝန်ဆောင်မှုနယ်ပယ် ဝန်ဆောင်မှုအရည်အသွေး မြှင့်တင်ရေးသင်တန်းများ ဖွင့်ပွဲအခမ်းအနား ကျင်းပ
နေပြည်တော် နိုဝင်ဘာ ၄
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း၏ အထောက်အပံ့ဖြင့် ဝန်ဆောင်မှုအရည်အသွေး မြှင့်တင်ရေးသင်တန်းများ ဖွင့်ပွဲအခမ်းအနားနှင့် တရုတ်ခရီးသွား ဈေးကွက်မြှင့်တင်ရေးဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ UMFCCI မင်္ဂလာခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး၊ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် အဆင့်မြင့်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး၊ ယဉ်ကျေးမှုနှင့်ခရီးသွားလာရေးဌာနမှသံမှူးနှင့် တာဝန်ရှိသူများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (China Foundation for Rural Development - CFRD) မှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ အမျိုးသား စီမံခန့်ခွဲမှု ပညာဒီဂရီကောလိပ်မှ ပါမောက္ခဌာနမှူးများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ၊ ခရိုင်အဆင့် ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ (DMO) များမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများမှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ အထွေထွေအတွင်းရေးမှူးများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား/ သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယခု သင်တန်းများတက်ရောက်ခြင်းဖြင့် ဝန်ကြီးဌာနမှ အသိအမှတ်ပြုလက်မှတ်များနှင့် မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု "စံ" သတ်မှတ် ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) က ထုတ်ပေးသော ကျွမ်းကျင်မှုဆိုင်ရာ အသိအမှတ်ပြုလက်မှတ်များကို လျှောက်ထားရယူနိုင်ရန် အခွင့်အလမ်းများ ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ခရီးသွားလုပ်ငန်းနယ်ပယ် တွင် လုပ်ကိုင်ဆောင်ရွက်နေကြသူများ ပါဝင်တက်ရောက်နိုင်ရန် သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသူများကို စိစစ်ရွေးချယ်၍ တက်ရောက်စေမည် ဖြစ်ပါကြောင်း၊ မြန်မာ-တရုတ် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတူတကွ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌက မိတ်ဆက်စကား ပြောကြားပြီး မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံသား ခရီးသွားပိုမိုလာရောက်စေရေး ဈေးကွက်မြှင့်တင် ရေးဆိုင်ရာဆွေးနွေးပွဲကို ဆက်လက်ကျင်းပသည်။
ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်း (၄) မျိုးအား ဖွင့်လှစ်ပို့ချပေးလျက်ရှိပြီး ဒီဂျစ်တယ် နည်းပညာစွမ်းရည်မြှင့်တင်ရေး သင်တန်း၊ ဧည့်လမ်းညွှန်များအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းနှင့် ခရီးသွားဝန်ဆောင်မှုနှင့် ခရီးစဉ်စီစဉ်ရောင်းချခြင်းဆိုင်ရာ သင်တန်းများကို နိုဝင်ဘာ (၇) ရက်မှ စတင်ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း သိရသည်။
သတင်းစဉ်
No comments