တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် သီရိလင်္ကာသမ္မတ အန်ယူရာ ကူမာရာ ဒစ်ဆာနာရိတ်ခ်တို့ နှစ်နိုင်ငံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့်ပတ်သက်ပြီး တွေ့ဆုံဆွေးနွေး



ပေကျင်း ဇန်နဝါရီ ၁၆

တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် သီရိလင်္ကာသမ္မတ အန်ယူရာ ကူမာရာ ဒစ်ဆာနာရိတ်ခ်တို့သည် နှစ်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့်ပတ်သက်ပြီး ပေကျင်းမြို့တော်၌ ယနေ့ တွေ့ဆုံ ဆွေးနွေးကြောင်း သိရသည်။

တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့်ပိုးလမ်းမ ပဏာမ ခြေလှမ်းမှတစ်ဆင့် ကြီးမားသော စီးပွားရေးဇုန်တစ်ခု တည်ထောင်ရန်ရည်ရွယ်ပြီး   စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုကိုမြှင့်တင်ရန်   ခေါင်းဆောင်နှစ်ဦး က သဘောတူညီကြောင်း သိရသည်။

သီရိလင်္ကာသမ္မတ အန်ယူရာ ကူမာရာ ဒစ်ဆာ နာရိတ်ခ်သည် စက်တင်ဘာလတွင် သမ္မတ တာဝန် ကို စတင်ထမ်းဆောင်ပြီး ယခုတရုတ်နိုင်ငံခရီးစဉ်မတိုင်မီ ဒီဇင်ဘာလတွင် အိန္ဒိယနိုင်ငံသို့ သွားရောက်ခဲ့သည်။

သီရိလင်္ကာနိုင်ငံ၏  အမျိုးသားလွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့်    နယ်မြေပိုင်ဆိုင်မှုကို ထိန်းသိမ်းရာတွင် တရုတ်နိုင်ငံက သီရိလင်္ကာနိုင်ငံကို ဆက်လက်ထောက်ခံသွားမည်ဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားသည်။

သီရိလင်္ကာနိုင်ငံနှင့် လိုက်လျောညီထွေရှိသည့် ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို ရှာဖွေရာတွင် ပေကျင်းက ထောက်ခံကြောင်း သမ္မတ ရှီကျင့်ဖျင်က ပြောကြားသည်။

သီရိလင်္ကာနိုင်ငံသည် ၎င်း၏ စီးပွားရေးမူဝါဒ အားနည်းမှုများကြောင့်   နိုင်ငံခြားကြွေးမြီအခက် အခဲများနှင့် ရင်ဆိုင်ခဲ့ရသည်။

သို့သော် အာရှနှင့် အရှေ့အလယ်ပိုင်းကို ဆက်သွယ်ထားသည့် ပင်လယ်လမ်းကြောင်းရှိသည့် အတွက် မဟာဗျူဟာမြောက် အရေးပါသည့်နိုင်ငံဖြစ် သည်။

 သီရိလင်္ကာသမ္မတ အန်ယူရာ ကူမာရာ ဒစ်ဆာ နာရိတ်ခ်သည် အိန္ဒိယနှင့် တရုတ်နှစ်နိုင်ငံစလုံးနှင့် သံတမန်ဆက်ဆံရေး    ခိုင်မာစေခြင်းဖြင့်   နှစ်နိုင်ငံ စလုံးထံမှ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ ရရှိရန် မျှော်လင့်လျက်ရှိကြောင်း နိုင်ငံရေးလေ့လာသူများ က ပြောကြားသည်။               

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အောင်ကျော်ကျော်

No comments

Powered by Blogger.