အင်ဒိုနီးရှားနိုင်ငံ၌ ဆိုရှယ်မီဒီယာအသုံးပြုသည့် အသက်အရွယ် ကန့်သတ်ရန် စီစဉ်လျက်ရှိ



ဂျကာတာ   ဇန်နဝါရီ   ၁၆

အင်ဒိုနီးရှားနိုင်ငံ၌ ဆိုရှယ်မီဒီယာအသုံးပြုသည့် အသက်အရွယ် ကန့်သတ်ရန်နှင့် အခြားသော လူမှုကွန်ရက်ဆိုင်ရာ အစီအမံများကိုလည်း ချမှတ်ရန်စီစဉ်လျက်ရှိကြောင်း အင်ဒိုနီးရှား ဆက်သွယ်ရေးနှင့် ဒစ်ဂျစ်တယ်ဝန်ကြီးဌာနက ယနေ့ ပြောကြားသည်။

အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီရန်တိုနှင့် အင်ဒိုနီးရှား ဆက်သွယ်ရေးနှင့် ဒစ်ဂျစ်တယ်ဝန်ကြီး မီယူယာတို့သည် အဆိုပါအစီအစဉ်နှင့် ပတ်သက်ပြီး ဇန်နဝါရီ ၁၃ ရက်တွင် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ပိုမိုအားကောင်းသည့် အွန်လိုင်းအသုံးပြုမှုဆိုင်ရာ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး အစီအမံများကို ရေးဆွဲလျက်ရှိစဉ် အသက်မပြည့်သေးသူများအား  ဆိုရှယ်မီဒီယာအသုံးပြုခွင့်ကို  တားမြစ်သည့် စည်းမျဉ်းတစ်ခုကို အရင်ဆုံးပြဋ္ဌာန်းသွားမည်ဖြစ်ကြောင်း  ဝန်ကြီး မီယူယာက ပြောကြားသည်။

အသေးစိတ်အချက်အလက်များကို အစိုးရအဖွဲ့နှင့်  ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ပြီး ယင်းအစီအစဉ်များနှင့်ပတ်သက်ပြီး  ပြည်သူများက ကြိုဆိုလျက်ရှိကြောင်း  ၎င်းက ပြောကြားသည်။

ဆိုရှယ်မီဒီယာကုမ္ပဏီများသည် အသုံးပြုသူ၏အသက်အရွယ်နှင့် ကိုက်ညီမှုရှိစေရန် ကန့်သတ် ထားခြင်းမရှိဘဲ အမြဲတမ်းလွတ်လပ်မှုကို ပေးသည့်အတွက် ကလေးများအတွက် ကောင်းကျိုး သာမက ဆိုးကျိုးများကိုလည်း ရရှိစေနိုင်ကြောင်း မိခင်တစ်ဦးက ပြောကြားသည်။

နိုင်ငံအတွင်း၌ အသက် ၁၂ နှစ်အောက်ကလေးများ၏ ၅၀ ရာခိုင် နှုန်းနီးပါးသည် အွန်လိုင်း အသုံးပြုခွင့်ရှိနေကြောင်း  အင်ဒိုနီးရှားနိုင်ငံ၏ အင်တာနက်ဝန်ဆောင်မှုပေးသူအသင်းက ပြောကြား သည်။

ဩစတြေးလျလွှတ်တော်အမတ်များသည် အသက် ၁၆ နှစ်အောက် ကလေးများကို  စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုမှ  ကာကွယ်ရန်အတွက် ဆိုရှယ်မီဒီယာအသုံးပြုခြင်းကိုတားမြစ်သည့် ဥပဒေကြမ်းကို နိုဝင်ဘာလတွင် အတည်ပြုခဲ့သည်။

သြစတြေးလျနိုင်ငံတွင်လည်း ကလေးများ၏ အွန်လိုင်းအသုံးပြုခွင့်ကို ကန့်သတ်ရန် တားမြစ်သည့် ဥပဒေတစ်ရပ် ပြဋ္ဌာန်းထားကြောင်း သိရသည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်

No comments

Powered by Blogger.