ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ငလျင်ဒဏ်ကြောင့် လမ်း၊ တံတားထိခိုက်ခဲ့မှုအား ကွင်းဆင်းကြည့်ရှု စစ်ဆေးပြီး ငလျင်ဒဏ်သင့်ပြည်သူများအား သွားရောက်တွေ့ဆုံအားပေး
ပဲခူး မတ် ၂၉
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် မတ် ၂၉
ရက် နံနက်ပိုင်းက တိုင်းဒေသကြီး ဝန်ကြီးများနှင့်အတူ မတ် ၂၈ ရက် မွန်းလွဲ ၁၂ နာရီ မိနစ်
၅၀ က လှုပ်ခတ်ခဲ့သည် ငလျင်ဒဏ် ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လမ်း၊ တံတားများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး
ငလျင်ဒဏ် သင့်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးသည်။
ဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သည် ရန်ကုန်- မန္တလေး အမြန် လမ်း ၃၂ မိုင် ၆ ဖာလုံမှစ၍
၁၁၅ မိုင်အထိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လမ်း၊ တံတားများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး
လမ်း၊ တံတားထိခိုက်သည့်နေရာများတွင် ကြိုတင်အသိပေး ဘုတ်များ၊ လမ်းညွှန်အမှတ်အသားများ၊
ရောင်ပြန်များ တပ်ဆင်သွားရန်၊ လမ်းအသုံးပြုခကောက်ခံ ရေးဂိတ်များတွင် လမ်း၊ တံတားအပိုင်းအလိုက်
ထိခိုက်သည့်နေရာများ ထုတ်ပြန်ပေးထားရန်၊ တံတားခံနိုင်ဝန်များ ပြန်လည်စိစစ်ရန်၊ လမ်း၊
တံတား ထိခိုက်ပျက်စီးမှုအား အမြန်ဆုံးပြင်ဆင် သွားရန် တာဝန်ရှိသူများကို မှာကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဖြူးမြို့ပြည်သူ့ဆေးရုံ၌
ငလျင်ဒဏ်ကြောင့် ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံ တက်ရောက်ကုသမှုခံယူနေသည့် လုံခြုံရေးတပ်ဖွဲ့များ၊
နိုင်ငံ့ဝန်ထမ်းများ၊ ဒေသခံပြည်သူ စုစုပေါင်း ၂၆ ဦးအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးပြီး
လူနာတစ်ဦးချင်းစီ၏ ထိခိုက် ဒဏ်ရာရရှိမှု၊ ကုသထားရှိမှုနှင့် ကျန်းမာရေးအခြေအနေ တိုးတက်ကောင်းမွန်လာမှုများကို
မေးမြန်းကာ အာဟာရဖြည့်စွက်စာများ၊ ကျန်းမာရေးဝန်ထမ်းများအတွက် ချီးမြှင့်ငွေများ ပေးအပ်သည်။
ယင်းနောက် ဖြူးမြို့ ရန်ကုန်-မန္တလေး အမြန်လမ်း ၁၅၅ မိုင်မှ ၁၅၄ မိုင်အထိ လမ်းတံတား ပျက်စီးမှု များနှင့်
ယာယီပြင်ဆင်နေမှုတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး တံတားအလိုက် ချဉ်းကပ်လမ်းများ
နိမ့်ကျမှု၊ တံတားမြေထိန်းနံရံများ ကွဲအက်မှု၊ Underpass များအလိုက်
ကြံ့ခိုင်မှုများအား ချက်ချင်း အသေးစိတ် စစ်ဆေးခြင်းအပြင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေးနှင့်
အမြန်လမ်း/ တံတားအဖွဲ့နှင့် ပူးပေါင်း၍ အမြန်ဆုံးပြင်ဆင်သွားရန်
တာဝန်ရှိသူများအား မှာကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်
တိုင်းမှူး ဗိုလ်ချုပ် ကြည်သိုက်နှင့် တာဝန်ရှိသူများသည် တောင်ငူမြို့ အထွေထွေရောဂါကုဆေးရုံကြီး၌
ငလျင်ဒဏ် ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအား အသက်ကူကယ်ဆယ်နိုင်ရေး တပ်မတော်သားများ၊
ရဲတပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊
ပြည်သူ့ လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးတပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းအဖွဲ့များ၊
ပြည်သူများ စုစုပေါင်း ၄၀၀ ကျော် စုပေါင်း သွေးလှူဒါန်းနေမှုကို ကြည့်ရှုအားပေးပြီး သွေးလှူဒါန်း နေသူများအား
အာဟာရဖြည့်စွက် စာများနှင့် ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။ ယင်းနောက် ငလျင်ဒဏ်ကြောင့်
ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံတက်ရောက် ကုသမှုခံယူနေသည့် ပြည်သူ ၄၄ ဦးအား ရင်းရင်းနှီးနှီး
တွေ့ဆုံအားပေးပြီး လူနာတစ်ဦးချင်းစီ၏ ထိခိုက်ဒဏ်ရာရရှိမှု၊ ကုသထားရှိမှုနှင့် ကျန်းမာရေး
အခြေအနေ တိုးတက်ကောင်းမွန်လာမှုများကို မေးမြန်းပြီး အာဟာရဖြည့်စွက်စာများ၊
ကျန်းမာရေး ဝန်ထမ်းများအတွက် ချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)
No comments