အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်) စီမံကိန်းအမြန်ပြီးစီးရေး ဦးတည်ကြိုးပမ်း
နေပြည်တော် ဇွန် ၁၆
စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် ဇွန် ၁၄ ရက် မွန်းလွဲပိုင်းတွင်
ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) သို့ ရောက်ရှိစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်)
စီမံကိန်းအမြန်ပြီးစီးရေးနှင့် သံစိမ်းများ ထုတ်လုပ်နိုင်ရေးဦးတည်ကြိုးပမ်းဆောင်ရွက်ရန်နှင့်
လုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း တွေ့ကြုံရမည့် အခက်အခဲများနှင့် စိန်ခေါ်မှုများကို
စုပေါင်းအားဖြင့် ဝိုင်းဝန်းဖြေရှင်းကျော်လွှား ရမည်ဖြစ်၍ ညီညီညွတ်ညွတ်ဖြင့် ကြိုးစားဆောင်ရွက်ကြရန်၊
စမ်းသပ်စစ်ဆေးပြီး ပြုပြင်ပြင်ဆင်ရေး လုပ်ငန်းများ ဆောင်ရွက်ပြီးဖြစ်သည့် အလုပ်ရုံခွဲ
၁၉ ရုံတို့၌ တပ်ဆင်ထားရှိသည့် စက်ပစ္စည်းများ ချွတ်ယွင်းပျက်စီးမှုမရှိစေရေးအတွက် အချိန်ဇယားများ
ရေးဆွဲပြီး ဝန်မဲ့စမ်းသပ်မောင်းနှင်မှု (Noload Test) ကို ဆောင်ရွက်ရန်၊ စက်ရုံတာဝန်ရှိသူများအနေဖြင့်
စီမံကိန်းလုပ်ငန်းများ အောင်မြင်စွာ ပြီးမြောက်စေရေးအတွက် အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်ရန်နှင့်
ကျန်ရှိသည့် စီမံကိန်း လုပ်ငန်းများ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက်လည်း
ကြိုတင်ပြင်ဆင် ထားရှိရန် မှာကြားသည်။
ထို့နောက် Air Separation Unit တွင် ပြည်ပကျွမ်းကျင်ပညာရှင်များ၊
စက်ရုံမှအရာထမ်း၊ အမှုထမ်းများ ပူးပေါင်း၍ Compressor များ၊ Compressor နှင့် Gear
Box တွဲဆက်ဆောင်ရွက်ပြီးစီးမှု၊ အလိုအလျောက် ထိန်းချုပ်မောင်းနှင်မှုစနစ်များ စစ်ဆေးပြုပြင်နေမှုအခြေအနေတို့ကို
ကြည့်ရှုစစ်ဆေး သည်။
ဇွန် ၁၅ ရက် နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးသည် ရေတင်အလုပ်ရုံသို့ရောက်ရှိပြီး
ရေအအေးခံသည့် စနစ်စမ်းသပ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်သည့် လုပ်ငန်းများ ဆောင်ရွက်နေမှု၊
ရေအအေးခံသည့် စနစ် စမ်းသပ်နိုင်ရေးအတွက် Pump များ စမ်းသပ်မောင်းနှင်နေမှုအခြေအနေတို့ကို
လှည့်လည်ကြည့်ရှု စစ်ဆေးပြီး Pump များ ရေရှည်အသုံးပြုနိုင်စေရေးအတွက် ကြိုတင်ပြင်ဆင်ထိန်းသိမ်းမှု
လုပ်ငန်းများ နှင့် ပုံမှန်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်ရန်မှာကြားပြီး
တာဝန်ရှိသူများ၏ တင်ပြချက် များအပေါ် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments