ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်၌ ပိဋကသုံးပုံဝိနည်းငါးကျမ်းရွတ်ဖတ်ပူဇော်
ရန်ကုန် ဇွန် ၁၅
ဗီယက်နမ်နိုင်ငံမှ အလှူရှင်များ စုပေါင်းလှူဒါန်းမှုဖြင့် ပိဋကသုံးပုံ
ဝိနည်းငါးကျမ်း ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်
နန်းဦးဘုရားကြီး တန်ဆောင်း၌ ဇွန် ၁၂ ရက် နံနက် ၉ နာရီက ကျင်းပသည်။
အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊
ဒွိပိဋကဓရ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တအဂ္ဂသာမိ၊ တိပိဋကဓရ
ဓမ္မဘဏ္ဍာဂါရိက တိပိဋက ကောဝိဒ ကမ္ဘောဇဆရာတော် ဘဒ္ဒန္တဝီရိယာနန္ဒ၊ တိပိဋကဓရ တိပိဋက ကောဝိဒ
မြင်းမူဆရာတော် ဘဒ္ဒန္တပညာသိရီလင်္ကာရ၊ တိပိဋကဓရ တိပိဋကကောဝိဒ ရေဦးဆရာတော် ဘဒ္ဒန္တသေဋ္ဌဉာဏာလင်္ကာရ
စသည့် တိပိဋကဓရဆရာတော်သုံးပါး၊ ဘာဏကဆရာတော် ၂၄ ပါးတို့ ကြွရောက် ချီးမြှင့်သည်။
ထို့နောက် ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏
ဩဝါဒါစရိယ၊ ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ထံမှ ဧည့်ပရိသတ်များက
ငါးပါး သီလ ခံယူဆောက်တည်ကြပြီး တိပိဋက ဆရာတော်သုံးပါးအား လှူဖွယ် ဝတ္ထုများ ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် သာကေတမြို့နယ် တိပိဋကာလင်္ကာရကျောင်းဆရာတော် ဘဒ္ဒန္တနန္ဒာသီရိက ဝိနည်းငါးကျမ်း
ရွတ်ဖတ်ပူဇော်ရန် တိုက်တွန်းနှိုးဆော်လွှာ ဥယျောဇနဂါထာတော်ကို ရွတ်ဆိုသည်။ ဒဂုံမြို့နယ်
တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက တိပိဋက ကောဝိဒ ကမ္ဘောဇဆရာတော် ဘဒ္ဒန္တဝီရိယာနန္ဒ ကစတင်၍ ဝိနည်း
ပါဠိတော်များ ရွတ်ဖတ်ပူဇော်သည်။
ပိဋကသုံးပုံ ဝိနည်းငါးကျမ်းရွတ်ဖတ်ပူဇော်ပွဲကို ဗီယက်နမ်နိုင်ငံမှ
အလှူရှင် ဒါယကာ ဒါယိကာမ စုပေါင်းလှူဒါန်းမှုဖြင့် ဇွန် ၁၂ ရက်မှ ၁၈ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။
အောင်မြင့်(ပြန်/ဆက်)
No comments