အမေရိကန်နိုင်ငံ ဝါရှင်တန်တွင် အကြီးစားစစ်ရေးပြပြုလုပ်သော်လည်း နိုင်ငံတစ်ဝန်းတွင် ဆန္ဒပြမှု များ ဖြစ်ပွားနေ
ဝါရှင်တန် ဇွန် ၁၅
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့သည်
ဇွန် ၁၄ ရက်က ဝါရှင်တန်ဒီစီတွင် အကြီးစား စစ်ရေးပြ အခမ်းအနားကျင်းပခဲ့ကြောင်း၊ အဆိုပါ
စစ်ရေးပြမှုသည် သမ္မတဒေါ်နယ်ထရမ့်၏ ၇၉ နှစ်မြောက်
မွေးနေ့နှင့် တိုက်ဆိုင်နေပြီး နိုင်ငံတစ်ဝန်း ဆန့်ကျင်ဆန္ဒပြမှုများဖြစ်ပွားစေခဲ့ကြောင်း
အင်န်အိတ်ချ်ကေသတင်းတွင် ဖော်ပြသည်။
စစ်ရေးပြချီတက်ပွဲကို လင်ကွန်းအထိမ်းအမှတ်အဆောက်အအုံမှစပြီး
အိမ်ဖြူတော်၏ တောင်ဘက် ခြမ်းအထိ လမ်းကြောင်းတစ်လျှောက် ကျင်းပခဲ့သည်။ သမ္မတဒေါ်နယ်ထရမ့်က အမေရိကန် နိုင်ငံအနေဖြင့်
မကြာမီကာလအတွင်း ယခင်ကထက် ပိုမိုကြီးကျယ်ခမ်းနားပြီး အင်အားကြီးမား သည့် အနေအထားတစ်ခုကို ရောက်ရှိလာတော့မည်ဟု ၎င်း၏မိန့်ခွန်းတွင် ထည့်သွင်းပြောကြား
ခဲ့သည်။
အဆိုပါ စစ်ရေးပြအခမ်းအနားတွင်
အမေရိကန်တပ်မတော်တိုက်ပွဲဝင်ရာတွင် အဓိကအားထား ရသည့် Abrams တင့်ကားများအပါအဝင် စစ်ဘက်သုံးယာဉ်
၁၅၀ ခန့်နှင့် ဘလက်ဟော့ခ် ရဟတ်ယာဉ်များအပါအဝင် စစ်ဘက်သုံးလေယာဉ် ၅၀ ခန့် ပါဝင်ကြောင်း
အမေရိကန်တပ်မတော် က ပြောသည်။ ထို့ပြင် တပ်ဖွဲ့ဝင်အင်အား ခန့်မှန်းခြေ
၆၇၀၀ ခန့် ပါဝင်ကြောင်း သိရသည်။
ဝါရှင်တန်ဒီစီတွင် ထိုကဲ့သို့
စစ်ရေးပြအခမ်းအနားပြုလုပ်မှုမှာ ၁၉၉၁ ခုနှစ်က ပင်လယ်ကွေ့စစ်ပွဲ အပြီး သမ္မတ ဂျော့အိတ်ချ်ဒဗလျူဘွတ်ချ်ကျင်းပခဲ့သည့်
စစ်ရေးပြပွဲပြီးနောက် ပထမဆုံးအကြိမ် အကြီးစားစစ်ရေးပြပွဲဖြစ်ကြောင်း
အမေရိကန်မီဒီယာများတွင် ဖော်ပြထားသည်။ စစ်ရေးပြပွဲသည်
အမေရိကန်ဒေါ်လာ ၄၅ သန်းအထိ ကုန်ကျနိုင်သည်ဟု အမေရိကန်တပ်မတော်က ခန့်မှန်း တွက်ချက်ထားသည်။
အခြားတစ်ဖက်တွင် ရှင်ဘုရင် မလိုဟု အမည်ပေးထားသည့် ဆန့်ကျင်ဆန္ဒပြပွဲများ နိုင်ငံတစ်ဝန်း
ဖြစ်ပွားခဲ့ကြောင်း၊ ဆန္ဒပြပွဲစီစဉ်သူများ၏ ပြောကြားချက်အရ နေရာပေါင်း ၂၁၀၀ ကျော်တွင်
လူပေါင်း ငါးသန်းထက်မနည်း ပူးပေါင်းပါဝင်ခဲ့သည်ဟု
သိရသည်။
အင်န်အိတ်ချ်ကေ
No comments