ပါကစ္စတန်နိုင်ငံ၌ မုတ်သုံမိုးရွာသွန်းမှုကြောင့် သေဆုံးသူဦးရေ ၄၀၀ နီးပါးရှိလာ



ဩဂုတ် ၂၀

ပါကစ္စတန်နိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း မုတ်သုံမိုးရွာသွန်းမှုကြောင့် သေဆုံးသူပေါင်း ၄၆ ဦး ရှိရာ မိုးရွာသွန်းမှုနှင့်ဆက်စပ်ပြီးသေဆုံးသူ ၃၉၃ ဦး အထိမြင့်တက်လာကြောင်း အမျိုးသားအဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့ အင်န်ဒီအမ်အေက ယမန်နေ့က ပြောကြားသည်။

ဇွန်လ ၂၆ ရက် မုတ်သုံရာသီချိန်စတင်ပြီးနောက်ပိုင်း သေဆုံးသူပေါင်း ၇၀၆ ဦးရှိကြောင်း နောက်ဆုံးအခြေအနေထုတ်ပြန်ချက်တွင် အာဏာပိုင်အဖွဲ့က ပြောကြားထားသည်။

ခီဘာပတ်ထွန်ခွာဒေသသည် မုတ်သုံရာသီအတွင်း ထိခိုက်မှုဆိုးရွားသောဒေသဖြစ်ကာ သေဆုံးသူ ၄၂၇ ဦး ရှိကြောင်း ဖော်ပြထားသည်။

မုတ်သုံမိုးများရွာသွန်းမှုကြောင့် နိုင်ငံတစ်ဝန်းရှိအခြေခံအဆောက်အအုံနှင့် ပုဂ္ဂလိကပိုင်ပစ္စည်းများလည်း ပျက်စီးဆုံးရှုံးမှုများပြားခဲ့သည်။ ဇွန် ၂၆ ရက်နောက်ပိုင်း နေအိမ်အလုံးပေါင်း ၂၉၃၄ လုံးကျော် ပျက်စီးခဲ့ပြီး ကျွဲ၊ နွားကောင်ရေ ၁၁၀၈ ကောင် သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

သေဆုံးသူအများစုသည် မိုးသည်းထန်စွာရွာသွန်းပြီးနောက် နေအိမ်နှင့်အမိုးများပြိုကျမှု တို့ကြောင့်ဖြစ်ပြီး ရေလွှမ်းမိုးမှု၊ မြေပြိုမှု၊ ဓါတ်အားပြတ်တောက်မှုနှင့် မိုးကြိုးပစ်မှုများကြောင့် သေဆုံးမှုများရှိသည်။

အာဏာပိုင်အဖွဲ့က လာမည့်ရက်များအတွင်း မိုးများထပ်မံရွာသွန်းနိုင်ကြောင်း သတိပေးပြောကြားထားပြီး ကြိုတင်ကာကွယ်ရေးအစီအမံများပြုလုပ်ထားကြရန် ဒေသခံများအားတိုက်တွန်းပြောကြားထားသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.