မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေသတွင်း စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး ဒေသခံတောင်သူများနှင့် တွေ့ဆုံ
မကွေး စက်တင်ဘာ ၁၄
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် နှင့် တာဝန်ရှိသူများသည် မကွေးခရိုင် ဒေသတွင်း စိုက်ပျိုးစွမ်းအား မြှင့်တင်ရေးနှင့် သီးနှံစိုက်စွမ်းအား တိုးတက်မြင့်မားရေးအတွက် စက်တင်ဘာ ၁၂ ရက်က မကွေးမြို့နယ် ဖိုလေးလုံးကျေးရွာဓမ္မာရုံ၌ ဒေသခံ တောင်သူများနှင့် တွေ့ဆုံသည်။
အဆိုပါ တွေ့ဆုံပွဲတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။
ဆက်လက်ပြီး မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးယဉ်ထွန်း နှင့် တာဝန်ရှိသူများက ဒေသခံတောင်သူများအတွက် စိုက်ပျိုးရေးဦးစီးဌာန၏ တောင်သူပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးနေမှု၊ တောင်သူ စိုက်ပျိုးနည်းပညာပေး သင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ်ဆောင်ရွက်နေမှုနှင့် စိုက်ပျိုးရေးဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသော ဖိုလေးလုံးကျေးရွာနှင့် အုပ်စုအတွင်း ကျေးရွာ များမှ ဒေသခံတောင်သူများ၏ စိုက်ပျိုးရေ(ဆည်ရေ)ရရှိရေး၊ ကျေးရွာချင်းဆက်လမ်းများနှင့် ကျေးလက် ကုန်ထုတ်လမ်းများ တိုးချဲ့ပြုပြင် ဆောင်ရွက်ပေးနိုင်ရေး၊ စိုက်ပျိုးရေ (ဆည်ရေ)ရရှိရန် ခက်ခဲသော ဒေသများ၌ မြေအောက်ရေတွင်းကို ဆိုလာစနစ် တပ်ဆင် အသုံးပြုဆောင်ရွက်ပေးနိုင်ရေး စသည့် ဒေသဖွံ့ဖြိုးရေး လိုအပ်ချက် တင်ပြမှုများအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မောင်ညီညာ
No comments