ကရင်ပြည်နယ် တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး လုပ်ငန်းအဖွဲ့ ညှိနှိုင်းအစည်းအဝေး ကျင်းပ

 



ဘားအံ စက်တင်ဘာ ၁၇

 

ကရင်ပြည်နယ် တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး လုပ်ငန်းအဖွဲ့၏ (၁/၂၀၂၅)ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၂)၌ ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လုပ်ငန်းအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က တောင်သူများ နှစ်သက်သည့်သီးနှံကို လွတ်လပ်စွာ စိုက်ပျိုးလုပ်ကိုင်နိုင်စေရေး၊ စံချိန်စံညွှန်းများနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်၊ မြေဩဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ မွေးမြူရေးတိရစ္ဆာန် အစားအစာများ ရရှိနိုင်ရေး သက်ဆိုင်ရာဌာန၊ အသင်းအဖွဲ့များနှင့် ချိတ်ဆက် ပူးပေါင်း ဆောင်ရွက်ပေးစေလိုကြောင်း၊ လယ်ယာမြေပေါ်တွင် မွေးမြူရေးခြံများ၊ ငါးမွေးကန်များ တည်ရှိနေခြင်းကို တည်ဆဲဥပဒေများနှင့်အညီ တရားဝင်ဖြစ်စေရန် လယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်ပေးစေလိုကြောင်း၊ ပြည်တွင်းစားသုံးမှု ဖူလုံစေရေးနှင့် ပြည်ပသို့တင်ပို့ရောင်းချနိုင်ရေး၊ သဘာဝဘေးဒဏ်ကြောင့် ဆုံးရှုံးမှုများအား အကူအညီပေးနိုင်ရေး၊ သင့်တင့်လျောက်ပတ်သည့် ဈေးနှုန်းနှင့် ဈေးကွက်ရရှိစေရေး၊ တန်ဖိုးမြင့် ထုတ်ကုန်များ ထွက်ရှိနိုင်ရေးအတွက် တင်ပြဆွေးနွေးပေးကြ စေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးများက လက်ရှိကာလတောင်သူများ ကြုံတွေ့နေရသည့် စပါးဈေး ကျဆင်းနေမှု၊ ဆန်စပါးတင်ပို့ ရောင်းချရာတွင် လမ်းခရီးကြန့်ကြာမှု၊ သွင်းကုန်ပို့ကုန်များကို တောင်သူ လယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်နိုင်ရေးအတွက် မှန်မှန်ကန်ကန် ဆောင်ရွက်ပေးနေမှု အခြေအနေများကိုလည်းကောင်း၊ ဌာနဆိုင်ရာများက လယ်ယာမြေလုပ်ပိုင်ခွင့် ပြုလက်မှတ်ပုံစံ(၇)ထုတ်ပေးရန် လျာထားမှုအပေါ် ဆောင်ရွက်ပြီးစီးမှု၊ ၂၀၂၅-၂၀၂၆ ခုနှစ် ပြည်နယ်၏ အဓိကသီးနှံ စိုက်ပျိုးထုတ်လုပ်မှု၊ မိုးစပါးမျိုးစေ့ထုတ်လုပ်ငန်း ဆောင်ရွက်ထားရှိမှု၊ တောင်သူပညာပေးဆွေးနွေးပွဲများ၊ ကွင်းသရုပ်ပြပွဲများ၊ မြေဆီလွှာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ၊ မျိုးစပါးနှင့် မြေဩဇာများ၊ သွင်းအားစုများ ဖြန့်ဝေပေးအပ်မှု၊ ပြည်နယ်အတွင်း အသား၊ ဥထုတ်လုပ်မှု၊ စားသုံးမှုနှင့် ပိုလျှံမှု၊ ဆောင်းဆီထွက်သီးနှံ (မြေပဲ) စိုက်ပျိုးရေး စီမံကိန်း လျာထားဧက၊ ကွင်းဆင်းဆောင်ရွက်မှု၊ လယ်ယာလုပ်ငန်း သုံးစက်ကိရိယာများ သုံးစွဲနိုင်မှု အခြေအနေများကိုလည်းကောင်း၊ ခရိုင်အဆင့် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီများက မြေယာဥပဒေနှင့်အညီ အကျိုးခံစားခွင့်ရရှိရေး၊ လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်းနိုင်ရေးနှင့် ကုန်ထုတ်လမ်းများ ဖော်ထုတ်ဆောင်ရွက်ပေးမှု အခြေအနေများကို လည်းကောင်း ဆွေးနွေးတင်ပြကြသည်။

 

ယင်းနောက် တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)

No comments

Powered by Blogger.