ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁၇) သင်တန်းဖွင့်ပွဲများ တိုင်းစစ်ဌာနချုပ်အသီးသီး၌ ကျင်းပ
နေပြည်တော် စက်တင်ဘာ ၁၅
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်နိုင်ရန်အတွက်
ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁၇)တွင် ပါဝင်တက်ရောက်ကြမည့်အရည်အချင်းကိုက်ညီသူ
နိုင်ငံ့သားကောင်းများသည် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ် နယ်မြေများရှိ သင်တန်းကျောင်းအသီးသီးသို့
ရောက်ရှိ၍ လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ခဲ့ကြသည်။ ယနေ့နံနက်ပိုင်းတွင်
အဆိုပါသင်တန်းကျောင်း အသီးသီး၌ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၁၇) သင်တန်းဖွင့်ပွဲများ
ပြုလုပ်ကြသည်။ သင်တန်းဖွင့်ပွဲများတွင် သင်တန်းကျောင်းများအလိုက် ကျောင်းအုပ်ကြီးများက
သင်တန်းဖွင့် အမှာစကားများ ပြောကြားကြသည်။
အဆိုပါ သင်တန်းဖွင့်ပွဲများသို့ တိုင်းဒေသကြီးနှင့်
ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်၍ ပြည်သူ့စစ်မှုထမ်း
သင်တန်းအမှတ်စဉ် (၁၇)မှ သင်တန်းသား များအားတွေ့ဆုံကာ သင်တန်းသားများအတွက် ဂုဏ်ပြုချီးမြှင့်ငွေ၊
စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများ ပေးအပ်ကြပြီး သင်တန်းသားများအား လိုက်လံနှုတ်ဆက်
အားပေးခဲ့ကြသည်။
ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား
စည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေး
သုံးပါးကို ထိန်းသိမ်းစောင့်ရှောက်ရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိကြသဖြင့် ယင်းတာဝန်များကို
ထမ်းဆောင်နိုင်ရေးအတွက် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်၏ ကာကွယ်ရေးတာဝန်များကို
ထမ်းဆောင်နိုင်ရန်ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်တွင်
စတင်အာဏာတည်စေခဲ့ပြီး ပြည်သူ့စစ်မှုထမ်းသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးခဲ့သည်။
အဆိုပါ ပြည်သူ့စစ်မှုထမ်း သင်တန်းများမှ သင်တန်းဆင်းခဲ့သည့် ပြည်သူ့စစ်မှုထမ်း နိုင်ငံ့သားကောင်းများသည်
တာဝန်ကျရာ တပ်ရင်း/တပ်ဖွဲ့အသီးသီးတွင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို
ဦးလည်မသုန်ကျေပွန်စွာ ထမ်းဆောင်နေကြပြီဖြစ်သည်။
ယနေ့တွင် ဖွင့်လှစ်လိုက်သည့် ပြည်သူ့စစ်မှုထမ်း
သင်တန်းအမှတ်စဉ်(၁၇)မှ နိုင်ငံ့သားကောင်း လူငယ်များအဖြစ် နိုင်ငံတော်ကာကွယ်ရေးနှင့်
လုံခြုံရေးတာဝန်များကို ဂုဏ်ယူစွာထမ်းဆောင်ရန် သင်တန်းတက်ရောက်ကြမည့် သင်တန်းသားများ၏
စကားသံများကိုလည်း ယခုလိုပဲကြားသိရပါတယ် -
၁။ ပြည်သူ့စစ်မှုထမ်းကို လာရောက်တာဝန်
ထမ်းဆောင်ရတဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော့်ရဲ့ ဆန္ဒပါ၊ အိမ်ကမိဘဆွေမျိုးတွေရဲ့ ဆန္ဒပါလို့
တာဝန်ထမ်းဆောင်တာလည်း ဖြစ်ပါတယ်။ ဒီအပတ်စဉ် (၁၇) ပြည်သူ့စစ်မှုထမ်းကို တာဝန် ကျေကျေနဲ့ပဲ
ထမ်းဆောင်သွားပါမယ်။ ထမ်းဆောင်ရတဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ရဲ့ ပြည်သူတွေကို
စောင့်ရှောက်ချင်တဲ့ ရည်ရွယ်ချက် ဖြစ်ပါတယ်။ နှစ်နှစ် တာဝန်ထမ်းဆောင်ရမယ်ဆိုတဲ့ ကာလကို တာဝန်ကျေကျေ လေးလေးနက်နက်
ရိုရိုသေသေ လေးလေးစားစားနဲ့ တာဝန်ထမ်းဆောင် သွားပါမယ်လို့ ပြောချင်ပါတယ်။
၂။ ကျွန်တော် ဒီသင်တန်းတက်ရောက်ရတဲ့
ရည်ရွယ်ချက်ကတော့ အမျိုးဘာသာသာသနာ အကုန်လုံးကို တစ်တပ်တစ်အား တစ်ထောင့်တစ်နေရာကနေပြီးတော့
စောင့်ရှောက်ချင်တဲ့ ဆန္ဒဖြစ်ပါတယ်။ မိဘတွေကို ခွင့်တောင်းတဲ့အချိန်မှာ မိဘတွေကလည်း
ခွင့်ပြုခဲ့ပါတယ်။ ကျွန်တော့်ဆန္ဒလည်း ပါပါတယ်။ နှစ်နှစ် တာဝန်ထမ်းဆောင်ပြီးလို့ရှိရင်
တပ်မတော်က ကျွန်တော့်ကို ထပ်ပြီးလိုအပ်နေမယ် ဆိုရင်တော့ ကျွန်တော်ဆက်ပြီး တာဝန်ထမ်းဆောင်ဖို့
ရှိပါတယ်။
၃။ ကိုယ့်သဘောကိုယ့်ဆန္ဒနဲ့ လာတက်တာပါ။
အိမ်ကမိဘတွေလည်း အကုန်လုံးခွင့်ပြုပါတယ်။ တက်ရောက်ရတဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော်က
မြန်မာနိုင်ငံသားတစ်ယောက်ဖြစ်ပါတယ်။ မြန်မာ နိုင်ငံတော် အေးချမ်းသာယာဖို့အတွက် တစ်ထောင့်
တစ်နေရာကနေ အထောက်အကူလေး ဖြစ်စေချင်လို့ပါ။
သတင်းစဉ်
No comments