သီတင်းကျွတ် မီးထွန်းပွဲတော်အတွက် အလှဆင်မီးပုံးများနှင့် မီးထွန်းအရုပ်များ မန္တလေးဈေးကွက်အတွင်း ယခင်နှစ်ကထက် ရောင်းအားကောင်း

 



မန္တလေး စက်တင်ဘာ ၁၇

မကြာမီကာလတွင် ရောက်ရှိလာမည့် သီတင်းကျွတ် မီးထွန်းပွဲတော်ကာလအတွက် မြန်မာ့ရိုးရာလက်မှု ပစ္စည်းတစ်ခုဖြစ်သည့် အလှဆင်မီးပုံးများနှင့် မီးထွန်းအရုပ်များ မန္တလေးဈေးကွက်အတွင်း စတင်ရောင်းချ‌နေပြီး ရောင်းချရမှုအပိုင်းတွင် ယခင်နှစ်ကထက်‌ ရောင်းအား ပိုမိုကောင်းမွန်လျက်ရှိကြောင်း မန္တလေးမြို့ရှိ မြန်မာ့ရိုးရာ မီးထွန်းအရုပ်လုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။

“ဒီနှစ်က မီးထွန်းအရုပ် လုပ်ကိုင်တဲ့သူနည်းတယ်။ ဒါပေမယ့် ဝယ်ယူမှုကတော့ လျော့မသွားတဲ့အတွက် အခုကတည်းက ကြိုတင်အော်ဒါတွေနဲ့ တော်တော်လေး ရောင်းချနေရပါတယ်။  နှစ်စဉ်လည်း ဒီအချိန်ဆိုရင် မနိုင်အောင် လုပ်နေရသလို ဒီနှစ်မှာလည်း ယခင်နှစ်တွေကထက်ကို ပိုလုပ်နေရတယ်ဟု မန္တလေးခရိုင် မဟာအောင်မြေမြို့နယ် ချမ်းမြသာစည် မြောက်ရပ်ကွက် (၇၈)လမ်း၊ (၄၃)လမ်း နှင့် (၄၄) လမ်းကြားရှိ မြန်မာ့ရိုးရာ မီးထွန်း အရုပ်ရောင်းဝယ်လုပ်ကိုင်သူ ဒေါ်စန်းအိနိုင် က ပြောသည်။

မီးထွန်းအရုပ်များအား မန္တလေးမြို့တွင်း၌ အဓိက အများဆုံး ပို့ဆောင်‌ရောင်းချ‌နေရပြီး နယ်ဒေသများသို့ အနည်းငယ်သာ တင်ပို့မှုပြုလုပ်လျက်ရှိကြောင်း၊ မီးထွန်းအရုပ်နှင့် မီးပုံးများအား တန်ခူးလကျော်ပြီး နောက်ပိုင်းမှ စတင်ကာ ပစ္စည်းများစုဆောင်း၍ စတင်ပြုလုပ်ကြပြီး တော်သလင်းလအတွင်း၌ မီးပုံးအရုပ်များ လှိုင်လှိုင်‌ရောင်းချရကြောင်း သိရသည်။

“ကျွန်မတို့ဆီကတော့ မီးထွန်းအရုပ်ပေါင်း ၁၈ မျိုးလောက်ကို ထုတ်လုပ်တယ်။ ဈေးတွေကတော့ အရင်က အနည်းဆုံး ကျပ် ၁၃၀၀ လောက်ကနေ စ‌ရောင်းပေမယ့် ဒီနှစ်မှာတော့ ကျပ် ၂၀၀၀ လောက်ကစပြီး ရောင်းချရပါတယ်။ ကုန်ကြမ်းပစ္စည်းတွေ လိုအပ်ချက်ရှိနေတာရော  အခြား ဈေးနှုန်းတွေ  တက်တဲ့အတွက်ပါဟု ၎င်းက ဆက်လက်ပြောသည်။

မီးထွန်းအရုပ်များကို ပြုလုပ်ရာတွင် စတင်လုပ်ဆောင်ချိန်မှ ပြီးဆုံးချိန်အထိ အချိန်အားဖြင့် နှစ်ပတ်ဝန်းကျင်ခန့်ကြာမြင့်ကြောင်း၊ ဝါးခုတ်ခြင်း၊ ကော်ကပ်ခြင်း၊ ပုံသွင်းခြင်း၊ စက္ကူကပ်ခြင်းနှင့်အခြား အဆင့်အမျိုးမျိုးတို့ကို ပြုလုပ်ပြီးနောက် ဈေးကွက်ဝင်သော မီးပုံးအရုပ်တစ်ခုကို ရရှိခြင်းဖြစ်ကြောင်း သိရသည်။

မင်းထက်အောင် (မန်းကိုယ်ပွား)

No comments

Powered by Blogger.