ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ထားဝယ်မြို့တော်ခန်းမဖွင့်ပွဲသို့ တက်ရောက်ချီးမြှင့်

 



ထားဝယ်မြို့နယ်အတွင်းမှ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် သိပ္ပံဘာသာတွဲ ခြောက်ဘာသာဂုဏ်ထူးရှင်တစ်ဦးအား ဂုဏ်ပြုဆုပေးအပ်ချီးမြှင့်

နေပြည်တော် စက်တင်ဘာ ၁၈

 

တနင်္သာရီ တိုင်းဒေသကြီး ထားဝယ်မြို့ မြို့တော်ခန်းမ အဆောက်အအုံသစ်ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။

 

ဦးစွာ နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှ၊ ကော်မရှင်အတွင်းရေးမှူး၊ တွဲဖက် အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများ လိုက်ပါ၍ ထားဝယ်မြို့ မြို့တော်ခန်းမ အဆောက်အအုံသစ် ဖွင့်ပွဲ ကျင်းပပြုလုပ်မည့်နေရာသို့ ရောက်ရှိကြရာ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းသား ကျောင်းသူများ၊ ဒေသခံတိုင်းရင်းသားပြည်သူများက လှိုက်လှဲနွေးထွေးစွာကြိုဆို နှုတ်ဆက်ကြသည်။

 

ထားဝယ်မြို့တော်ခန်းမ ဖွင့်ပွဲကျင်းပ

အစီအစဉ်အရ အခမ်းအနားကို စတင်ကျင်းပပြုလုပ်ရာ ထားဝယ်မြို့ မြို့တော်ခန်းမအဆောက်အအုံ သစ်အား တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကျော်၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကျော်ကျော်ဟန်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

 

ယင်းနောက် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ယာယီ သမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထားဝယ်မြို့ မြို့တော်ခန်းမ အဆောက်အအုံသစ်အား စက်ခလုတ်နှိပ်ဖွင့်လှစ် ပေးသည်။ ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ထားဝယ်မြို့ မြို့တော်ခန်းမ အဆောက်အအုံသစ်အား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေး ကြသည်။

 

ဆက်လက်၍ အခမ်းအနား အစီအစဉ် ဒုတိယပိုင်းအဖြစ် ထားဝယ်မြို့ မြို့တော်ခန်းမ အဆောက်အအုံသစ်အတွင်း၌ ပညာရည်ချွန်ဆု ချီးမြှင့်ပွဲကို ဆက်လက် ကျင်းပပြုလုပ်ရာ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်က မြို့တော်ခန်းမ အဆောက်အအုံသစ်ဆိုင်ရာများနှင့်ပတ်သက် ၍ ရှင်းလင်းတင်ပြသည်။

 

အဆိုပါ ထားဝယ်မြို့တော် ခန်းမအား နိုင်ငံတော် ယာယီ သမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၂၂ ခုနှစ်တွင် ထားဝယ်မြို့သို့ လာရောက်ခဲ့သည့် ခရီးစဉ်အတွင်း ထားဝယ်မြို့၌ လိုအပ်လျက်ရှိသည့် မြို့တော်ခန်းမကို တည်ဆောက်ရန် ခွင့်ပြုဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး ၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ်တွင် စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ကာ စတု ရန်းပေ ၄၀၃၆၄ ပေရှိကာ တစ်ထပ်ခွဲ RCC အဆောက်အအုံ အမျိုးအစားဖြစ်ကြောင်း သိရသည်။

 

ပညာရည်ချွန်ဆုပေးအပ်ချီးမြှင့်

ယင်းနောက် နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌက ပညာရည်ချွန်ဆု ချီးမြှင့်ရခြင်းနှင့် ပညာရေးကဏ္ဍကို အလေးပေးမြှင့်တင် ဆောင်ရွက်နေမှု တို့နှင့်စပ်လျဉ်း၍ အမှာစကားပြောကြားရာ၌ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်နှင့် တည်ငြိမ်အေးချမ်းရေးအတွက် အဆိုပါနိုင်ငံတွင်ရှိသည့် ပြည်သူတစ်ဦးချင်းစီသည် အသိပညာ၊ အတတ်ပညာ၊ အတွေးအခေါ် ဗဟုသုတ ပြည့်ဝကြရန်လိုကြောင်း၊ အထူးသဖြင့် မိမိတို့နိုင်ငံကဲ့သို့ ဒီမိုကရေစီစနစ်ကို ကူးပြောင်းနေသည့်အချိန်တွင် တိုင်းရင်းသား ပြည်သူအားလုံးအနေဖြင့် အရာရာ ကို စဉ်းစားတွေးခေါ်နိုင်စွမ်းနှင့် အမှားအမှန်ကို ခွဲခြားသိရှိပြီး နိုင်ငံနှင့်လူမျိုး ကောင်းကျိုးများကို သယ်ပိုးရွက်ဆောင်နိုင်ကြရန် အရေးကြီးကြောင်း၊ ထိုသို့အဘက်ဘက်မှ ပြည့်စုံရန်အတွက် နိုင်ငံသားတိုင်း ပညာတတ်ရန် အဓိကကျကြောင်း၊ ထို့ကြောင့်လည်း နိုင်ငံတော်ပညာရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် “နိုင်ငံတော် ဖွံ့ဖြိုးဖို့ ပညာရေးကိုအားပေးစို့ ဆိုသည့် ဆောင်ပုဒ်ကို ချမှတ် ထားကြောင်း။

 

နိုင်ငံတော်အနေဖြင့် ပညာရေးကို မြှင့်တင်ပေးနေသကဲ့သို့ ထူးချွန်ထက်မြက်သည့် လူရည်ချွန်များ၊ တက္ကသိုလ်ဝင်တန်းတွင် ထူးထူးချွန်ချွန် အောင်မြင်ကြသူများကို နှစ်စဉ် ထိုက်ထိုက်တန်တန် ချီးမြှင့် ဂုဏ်ပြုပေးလျက်ရှိကြောင်း၊ ယခုအခမ်းအနားတွင် ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဘာသာစုံဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သည့် မမြတ်ရတနာသင်းကို ချီးမြှင့်ဂုဏ်ပြုသွားမည် ဖြစ်ကြောင်း။

 

၂၀၂၁ ခုနှစ်မှစပြီး တနင်္သာရီ တိုင်းဒေသကြီး၏ တက္ကသိုလ်ဝင်တန်း အောင်ချက်များကို ကြည့်ပါက ၂၀၂၁ ခုနှစ်တွင် ၄၅ ဒသမ ၉၅ ရာခိုင်နှုန်း ၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ၆၈ ဒသမ ၀၃ ရာခိုင်နှုန်း၊ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ၄၈ ဒသမ ၃၈ ရာခိုင်နှုန်း ရှိခဲ့ကြောင်း၊ ယခု ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ၅၀ ဒသမ ၅၈ ရာခိုင်နှုန်းရရှိအောင် ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် ယခင်နှစ်ကထက် အောင်မြင်မှု ရာခိုင်နှုန်း ပိုမိုတိုးတက်ခဲ့သည်ကို တွေ့ရှိရကြောင်း။

 

ဂုဏ်ထူးရရှိမှုများ အနေဖြင့် လေးနှစ်တာ ကာလအတွင်း ခြောက်ဘာသာဂုဏ်ထူးရှင် ၂၃ ဦး၊ ငါးဘာသာဂုဏ်ထူးရှင် ၆၂ ဦး၊ လေးဘာသာ ဂုဏ်ထူးရှင် ၁၁၀၊ သုံးဘာသာ ဂုဏ်ထူးရှင် ၁၆၄ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၄၂၀၊ တစ်ဘာသာဂုဏ်ထူးရှင် ၁၆၆၃ ဦးရှိခဲ့ကြောင်း၊ ပြီးခဲ့သည့် လေးနှစ်တာ ကာလအတွင်း တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဝိပ္ပံဘာသာတွဲတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အဆင့်တစ် တစ်ဦးရရှိခဲ့သည်ကို တွေ့ရကြောင်း၊ ယခုကဲ့သို့ ပညာရေးကဏ္ဍ ပိုမိုတိုးတက်လာခြင်းသည် မိဘ၊ ဆရာများ၏ စေတနာနှင့် ဝတ္တရားကျေပွန်စွာ ပူးပေါင်း ဆောင်ရွက်မှုအပြင် ကျောင်းသား ကျောင်းသူများ၏ ကြိုးစား အားထုတ်မှုတို့ကြောင့်ပင် ဖြစ်ကြောင်း။

 

၂၀၂၁ ခုနှစ်မှ ယနေ့၂၀၂၅ ခုနှစ် အထိ လေးနှစ်တာကာလအတွင်း တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့ကြသူများအနက် ဆေးတက္ကသိုလ် တက်ရောက်နေသူ ၁၈ ဦး၊ နည်းပညာတက္ကသိုလ် တက်ရောက်နေသူ ၁၅၂ ဦး၊ ထားဝယ်မြို့ Polytechnic University တွင် ၁၉၆ ဦး ပညာ သင်ကြားလျက်ရှိသည်ဟု သိရ ကြောင်း၊ ထို့အပြင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်း ကျောင်းများကို တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ ခရိုင်လေးခရိုင်လုံးတွင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း လေးကျောင်း ဖွင့်လှစ်နိုင်ခဲ့ပြီး အသက်မွေးဝမ်းကျောင်း အခြေခံ ပညာရပ်များကို လေ့ကျင့်သင်ကြား ပေးလျက်ရှိနေသည်ကို တွေ့ရကြောင်း။

 

စာတော်သည့် ထူးချွန်သည့်သူ တစ်ယောက်သည် ငယ်စဉ်ကတည်းက မိဘဆရာသမားများ၏ ကြပ်မတ်သွန်သင်မှုနှင့် ငယ်စဉ်ကတည်းက ကြိုးစားမှသာရခြင်းဖြစ်ကြောင်း၊ “အစကောင်းမှ အနှောင်းသေချာမည် ဖြစ်ကြောင်း၊ မမြတ်ရတနာသင်း ကဲ့သို့ပင် ထားဝယ်ဒေသမှ တိုင်းသိ ပြည်သိ ကမ္ဘာသိ ထူးချွန်သည့် ပုဂ္ဂိုလ်များ ပေါ်ထွက်ခဲ့ကြောင်း၊ ဝန်ကြီးချုပ် ဦးဘဆွေ၊ ဦးစိန်ဝင်း၊ ဗိုလ်မှူးကြီး ဗထူး၊ မီးပုံးပျံ ဦးကျော်ရင်၊ သူရမချစ်ပို၊ ပန်းချီ ဦးငွေကိုင်၊ နိုင်ငံတော် စာရင်းစစ်ချုပ် ဦးအုန်းတင်၊ မောင်ထားဝယ် ဦးဖေအေး၊ ကျွန်းဆွယ် အလေးမချန်ပီယံ ဦးဖေအေး စသည်ဖြင့် အခြားမိမိအနေဖြင့် မဖော်ပြနိုင်သည့် ပုဂ္ဂိုလ်များလည်း များစွာရှိကြမည်ဖြစ်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးအတွက် ဂုဏ်ယူဖွယ်ရာများပင် ဖြစ်ကြောင်း။

 

နိုင်ငံတော်အစိုးရက ပညာရေးကဏ္ဍကို မြှင့်တင်ပေးလျက်ရှိ သကဲ့သို့ မိဘများ၊ ဆရာ ဆရာမ များကလည်း မိမိတို့၏ သားသမီးများ၊ တပည့်များကို ပညာတတ် လူတော်လူကောင်းများ ဖြစ်‌အောင် သွန်သင်ဆုံးမ၊ လေ့ကျင့်သင်ကြားပေးကြရန်၊ ကျောင်းသား ကျောင်းသူများအနေဖြင့်လည်း မိဘဆရာ များ၏ သွန်သင်ပြသမှုများကို နာယူမှတ်သားပြီး အသိပညာ၊ အတတ်ပညာ ပြည့်ဝသည့်၊ ဘက်ပေါင်းစုံတွင် ထူးချွန်ထက် မြက်သည့်၊ ဗလငါးတန်ပြည့်ဝသည့်၊ နိုင်ငံအတွက် အားကိုး အားထား ပြုနိုင်သည့် သားကောင်းရတနာများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်း မှာကြားလိုကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့က တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်အတွင်းမှ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် သိပ္ပံဘာသာတွဲဖြင့် (၆) ဘာသာဂုဏ်ထူးရှင် မမြတ်ရတနာသင်းအား ဂုဏ်ပြုဆုချီးမြှင့်ပေးအပ်သည်။

 

အခမ်းအနားအပြီးတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌသည် (၆) ဘာသာဂုဏ်ထူးရှင် မမြတ်ရတနာသင်းနှင့် မိဘများ အား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်





No comments

Powered by Blogger.