ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးထိန်ဝင်း ဦးဆောင်သော တပ်မတော်(ရေ) ကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေး ခရီးစဉ်သွားရောက်

 



နေပြည်တော် စက်တင်ဘာ ၂၁

မြန်မာ့တပ်မတော်(ရေ)နှင့် တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် (ရေတပ်)နှစ်ရပ် အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်နိုင်ရန် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်(ရေတပ်) ဒုတိယရေတပ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး Cui Yuzhong ၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ စက်တင်ဘာ ၁၄ ရက်တွင် ရန်ကုန်မြို့မှ ထွက်ခွာကာ ချစ်ကြည်ရေး ခရီးသွားရောက်ခဲ့သည့်  ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်း ဦးဆောင်သော တပ်မတော် (ရေ)ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၂၀ ရက် ညပိုင်းတွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိလာရာ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ပြည့်စုံလင်းနှင့် တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

အဆိုပါခရီးစဉ်အတွင်း ကာကွယ်ရေးဦးစီးချုပ် (ရေ)ဦးဆောင်သော တပ်မတော်(ရေ) ကိုယ်စားလှယ် အဖွဲ့သည် စက်တင်ဘာ ၁၆ ရက် ညနေပိုင်းတွင် ပေကျင်းမြို့ရှိ  တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်(ရေတပ်)ဌာနချုပ်သို့ သွားရောက်ခဲ့ရာ ဒုတိယရေတပ်ဦးစီးချုပ်  ဒုတိယဗိုလ်ချုပ်ကြီး Cui Yuzhong နှင့် အဆင့်မြင့်အရာရှိကြီးများက နွေးထွေး လှိုက်လှဲစွာ ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့် ဒုတိယရေတပ်ဦးစီးချုပ်တို့သည် ရေတပ်ဂုဏ်ပြုတပ်ဖွဲ့၏ ကြိုဆိုအလေးပြု ခြင်းကိုခံယူပြီး ဂုဏ်ပြုတပ်ဖွဲ့အား လိုက်လံကြည့်ရှု စစ်ဆေးသည်။ ယင်းနောက် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးပြီး ဌာနချုပ်ခန်းမ၌ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်(ရေတပ်)ဆိုင်ရာ အချက်အလက်များကို  ရှင်းလင်းတင်ပြသည်။ ထို့နောက် အစည်းအဝေးခန်းမတွင် နှစ်နိုင်ငံ ရေတပ် နှစ်ရပ်အကြား ပိုမိုပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များနှင့် လေ့ကျင့်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။ ညပိုင်းတွင် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်(ရေတပ်)၊ ဒုတိယရေတပ်ဦးစီးချုပ်က တည်ခင်းဧည့်ခံသော ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်သည်။

ဆက်လက်၍   စက်တင်ဘာ ၁၇ ရက်တွင် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဦးဆောင်သော တပ်မတော် (ရေ)ကိုယ်စားလှယ်အဖွဲ့သည် ချင်းတောင်မြို့ North Sea Fleet ရှိ ဖျက်သင်္ဘော Xining သို့ သွားရောက်လေ့လာခဲ့ရာ စစ်ရေယာဉ်မှူးက အလေးပြု ကြိုဆိုကာ လိုက်လံရှင်းလင်းပြသခဲ့သည်။  ထို့နောက် North Sea Fleet ဌာနချုပ်သို့  သွားရောက်ခဲ့ရာ North Sea Fleet  Commander နှင့် အရာရှိကြီးများ က တပ်မတော်(ရေ)ကိုယ်စားလှယ်အဖွဲ့အား North Sea Fleet ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုအလေးပြုခဲ့ပြီး North Sea Fleet ဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြခဲ့သည်။

အလားတူ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ  ၁၈ ရက်တွင် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်(ရေတပ်)၏ Navy Submarine Academy သို့ သွားရောက်လေ့လာခဲ့ရာ Navy Submarine Academy ကျောင်းအုပ်ကြီးက  ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုအလေးပြုခဲ့သည်။ ယင်းနောက် Academy ၏ သမိုင်းကြောင်းနှင့် လေ့ကျင့်သင်ကြားမှုများကို ရှင်းလင်းတင်ပြပြီး ကျောင်းဝင်းအတွင်းရှိ စာကြည့်တိုက်၊ Simulator ၊ Trainer များကို လှည့်လှည်ကြည့်ရှု ခဲ့သည်။ ထို့နောက်  ရေတပ်ပြတိုက်သို့ သွားရောက် လေ့လာကြသည်။ ထို့ပြင် စက်တင်ဘာ ၁၉ ရက်တွင်လည်း ကာကွယ်ရေးဦးစီးချုပ် (ရေ) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ရှန်ဟိုင်းမြို့ရှိ Shanghai Hudong-Zhonghua သင်္ဘောကျင်းသို့ သွားရောက် လေ့လာခဲ့ရာ  သင်္ဘောကျင်း တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။

တရုတ်နိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း ကာကွယ် ရေးဦးစီးချုပ်(ရေ) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် လင်ကွမ်းဘုရားကျောင်း၊ Great Wall အစရှိသည့် အထင်ကရနေရာများသို့ သွားရောက်လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments

Powered by Blogger.