သွန်သင်ဆုံးမမှုနှင့် ပညာကိုမှတ်သားနာယူ ဗလငါးတန်ပြည့်စုံရေး ကြိုးပမ်းဆောင်ရွက် (ကြေးမုံ)


 

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တည်ငြိမ်အေးချမ်းရေးအတွက် အဆိုပါနိုင်ငံတွင်ရှိသည့် ပြည်သူ တစ်ဦးချင်းစီသည် အသိပညာ၊ အတတ်ပညာနှင့် အတွေး အခေါ်ဗဟုသုတ ပြည့်ဝကြရန် လိုသည်။ အထူးသဖြင့် မြန်မာနိုင်ငံကဲ့သို့ ဒီမိုကရေစီ စနစ်ကိုအသွင်ကူးပြောင်းနေသည့်အချိန်တွင် ပြည်သူများအားလုံးအနေဖြင့် အရာရာကို စဉ်းစားတွေးခေါ်နိုင်စွမ်းနှင့် အမှား၊ အမှန်၊ အကောင်း၊ အဆိုးတို့ကို ခွဲခြား သိမြင်နိုင်စွမ်းရှိရန် အထူးလိုအပ်သည်။ အတန်းပညာ၊ အတတ်ပညာ၊ အသိပညာ တတ်မြောက်ရေးသာမက တွေးခေါ်ဆင်ခြင်နိုင်မှု ပြည့်စုံစေရန် ကြိုးစားအားထုတ် ကြရမည်ဖြစ်သည်။

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စက်တင်ဘာလ ၁၈ ရက်နေ့က ထားဝယ်မြို့တွင် “နိုင်ငံတော်အစိုးရက ပညာရေးကဏ္ဍကို မြှင့်တင်ပေးလျက်ရှိသကဲ့သို့ မိဘများ၊ ဆရာ ဆရာမများကလည်း မိမိတို့၏ သားသမီးများ၊ တပည့်များကို ပညာတတ် လူတော်လူကောင်းများ ဖြစ်အောင် သွန်သင်ဆုံးမ၊ လေ့ကျင့်သင်ကြားပေးကြရန်၊ ကျောင်းသား ကျောင်းသူများအနေဖြင့် လည်း မိဘ၊ ဆရာများ၏ သွန်သင်ပြသမှုများကို နာယူမှတ်သားပြီး အသိပညာ၊ အတတ်ပညာပြည့်ဝသည့်၊ ဘက်ပေါင်းစုံတွင် ထူးချွန်ထက်မြက်သည့်၊ ဗလငါးတန်ပြည့်ဝသည့်၊ နိုင်ငံအတွက် အားကိုးအားထား ပြုနိုင်သည့် သားကောင်းရတနာများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန်” တိုက်တွန်း ပြောကြားခဲ့သည်။

 

ကလေးသူငယ် ကျောင်းသား ကျောင်းသူလူငယ်များ အဘက်ဘက်တွင် အသိပညာကြွယ်ဝရေးအတွက် နိုင်ငံသားတိုင်း ပညာတတ်ရန် အခြေခံလိုအပ်သည်။ ထို့ကြောင့် နိုင်ငံတော်ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် “နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကိုအားပေးစို့” ဆောင်ပုဒ်ကို ချမှတ် ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်အနေဖြင့် ပညာရေးကို မြှင့်တင်ပေးလျက်ရှိသကဲ့သို့ ထူးချွန်ထက်မြက်သည့် ကျောင်းသား ကျောင်းသူများကိုလည်း ထိုက်ထိုက်တန်တန် နှစ်စဉ်ချီးမြှင့် ဂုဏ်ပြု ပေးလျက်ရှိသည်။ စာတော်ပြီးထူးချွန်သည့် ကျောင်းသား ကျောင်းသူများသည် ငယ်စဉ် ကတည်းက မိဘ၊ ဆရာသမားများ၏ ကြပ်မတ်သွန်သင်မှုနှင့်အတူ ငယ်စဉ်ကတည်းက ကြိုးစားသင်ကြား မှတ်သားလာခြင်းဖြစ်သည်။ “အစကောင်းမှ အနှောင်းသေချာမည်” ဆိုသကဲ့သို့ ငယ်စဉ်ကတည်းက မပြတ်မလပ်ဆောင်ရွက်ခဲ့မှသာ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်တစ်ယောက် ဖြစ်မည်။

 

ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်၏ အနာဂတ်တိုးတက်ကောင်းမွန်ရေးအတွက် အသိပညာ၊ အတတ်ပညာနှင့် ပြည့်ဝသည့် လူသားအရင်းအမြစ်ကောင်းများ လိုအပ်လျက်ရှိသည်။ ထို့ကြောင့် နိုင်ငံတော်အနေဖြင့် ပညာရေးကိုမဖြစ်မနေအားပေး မြှင့်တင်ပေးနေခြင်းဖြစ်သည်။ သို့သော် နိုင်ငံ၏ ဒေသအများစု၌ တန်းစဉ်ကူးပြောင်းမှု လျော့နည်းနေသည်ဟု သိရှိရသည်။ ထို့ကြောင့် အတန်း ပညာများရှိစေရေး ကျောင်းနေအရွယ် ကလေးငယ်များအားလုံး ကျောင်းတက်ရောက်နိုင်ပြီး တန်းစဉ်ကူးပြောင်းမှုများ တိုးတက်ကောင်းမွန်စေရေး မိဘ၊ ဆရာ၊ ပတ်ဝန်းကျင်က ဝိုင်းဝန်း ဆောင်ရွက်ပေးကြရန်လိုသည်။ တစ်နိုင်ငံလုံးပညာရည်မြင့်မားရေးအတွက် နိုင်ငံတော်အနေဖြင့် အလေးထားဆောင်ရွက်ပေးလျက်ရှိသည်။

 

ပညာရေးအားနည်းပါက အခြားဒေသများတွင် ကြုံရာကျပန်း လုပ်ကိုင်ကြရမည်ဖြစ်သည်။ အဆင်မသင့်လျှင် လမ်းမှားသို့ပင် ရောက်ရှိသွားနိုင်သည်။ ပညာရေးအားနည်းပါက အခြားသူများ၏ ဦးဆောင်မှု၊ အနိုင်ကျင့်မှုကိုခံရမည်ဖြစ်၍ ပညာရေးအားနည်းပြီး မွေးမြေရပ်ခြားသို့ သွားရောက် လုပ်ကိုင်နေကြသည့် လူငယ်လူရွယ်များ၏ အကျည်းတန်သောဘဝများ၊ ခက်ခဲကြမ်းတမ်းသော ဘဝများကို မြင်တွေ့ကြားသိကြရမည်ဖြစ်သည်။ ပညာမပြည့်ဝ ဆင်ခြင်တုံတရားအားနည်းသဖြင့် လူငယ်လူရွယ်များကြား၌ မဖြစ်သင့်မဖြစ်ထိုက်သည့်အဖြစ်များ၊ စက်ဆုပ်ဖွယ်ရာ အဖြစ်များကို မကြာခဏ ကြားသိနေရသည်။ ထို့ကြောင့် မိမိတို့ဒေသအတွင်း၌ပင် ပညာတတ် လူသား အရင်းအမြစ်ကောင်းများ ပေါများကြွယ်ဝအောင် မွေးထုတ်ပေးကာ ဒေသအကျိုးကို ဖော်ဆောင်ကြဖို့လိုသည်။

 

သို့ဖြစ်ရာ နိုင်ငံတော်အစိုးရက ပညာရေးကို အားပေးမြှင့်တင်ပေးလျက် ရှိပြီး နိုင်ငံတော်၏အနာဂတ်ကို ဦးဆောင်ဦးရွက်ပြုနိုင်မည့် ပညာတတ်လူသားအရင်း အမြစ်ကောင်းများ မွေးထုတ်ပေးနိုင်ရေး အလေးထားဆောင်ရွက်လျက်ရှိရာ ဆရာ ဆရာမ၊ မိဘအုပ်ထိန်းသူများကလည်း လူငယ်လူရွယ် ကျောင်းသားကျောင်းသူ လေးများအား အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတနှင့် တွေးခေါ်မြော်မြင် စဉ်းစား ဆင်ခြင်နိုင်စွမ်းရှိသူများဖြစ်အောင် စဉ်ဆက်မပြတ်၊ မျက်ခြည်မပြတ် တစိုက်မတ်မတ် အလေးထားဆောင်ရွက်ပေးပြီး ကျောင်းသား ကျောင်းသူ လူငယ်လူရွယ်များကလည်း မိဘ၊ ဆရာများ၏ သွန်သင်ဆုံးမ၊ သင်ကြားပြသပေးမှုများကို မြေဝယ်မကျလိုက်နာ ဆောင်ရွက်ကာ နိုင်ငံတော်က အားကိုးအားထားပြုနိုင်သည့် သားကောင်းရတနာများ ဖြစ်လာအောင် ကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။

 

No comments

Powered by Blogger.