အာဖဂန်အစိုးရက ပြည်တွင်းနှင့် နိုင်ငံတကာအကူအညီပေးရေး အေဂျင်စီများနှင့် နားလည်မှု စာချွန်လွှာများ လက်မှတ်ရေးထိုး



ကဘူး  စက်တင်ဘာ  ၁၇

အာဖဂန်အစိုးရက ပြည်တွင်းနှင့် နိုင်ငံတကာအကူအညီပေးရေးအေဂျင်စီများနှင့် နားလည်မှု စာချွန်လွှာလေးခုကို  လက်မှတ်ရေးထိုးခဲ့ကြောင်း အာဖဂန်ဒုက္ခသည်များနှင့် နေရပ်ပြန်ပို့ရေး ဝန်ကြီးဌာနက ယနေ့ပြောကြားသည်။

အဆိုပါ  သဘောတူညီမှုတွင် ပြည်တော်ပြန်ဒုက္ခသည်များနှင့် ပြည်တွင်းရွှေ့ပြောင်းမိသားစုများအား ကူညီရန် အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၃ သန်းကျော် ထောက်ပံ့ မှုရရှိမည်ဖြစ်သည်။

ကဘူး၊ ကူနာ၊ ဟေမန်၊ ဇာဘူး၊ နမ်ရော့ဇ်၊ ဘတ်ဂီစ်၊ ဖာရာနှင့် ဟီရတ်ပြည်နယ်များရှိ အိမ်ထောင်စု ၁၀၇၄၉ စုနှင့် ပြည်သူ ၁၁၀၈၁၂ ဦးတို့အတွက် အထောက်အပံ့များရရှိမည်ဖြစ်ကြောင်း အာဖဂန် ဒုက္ခသည်များနှင့် နေရပ်ပြန်ပို့ရေး ဝန်ကြီးဌာနက ပြောကြားသည်။

ဒုက္ခသည်အကူအညီပေးရေးစင်တာများ ဆောက်လုပ်ခြင်း၊ ငွေကြေးထောက်ပံ့မှုပေးခြင်း၊ ဆောင်းရာသီသုံးပစ္စည်းများနှင့် မီးဖိုချောင်သုံးပစ္စည်းများ ပံ့ပိုးပေးခြင်းတို့အပြင် ပညာပေးအစီအစဉ် များ၊ လူထုအသိပညာပေးလှုပ်ရှားမှုများနှင့်    အထက်ဖော်ပြပါ ပြည်နယ်များရှိ လူမှုရေးနှင့် စိတ်ပိုင်း ဆိုင်ရာ ဝန်ဆောင်မှုများ ပါဝင်မည်ဖြစ်သည်။

အဆိုပါ နားလည်မှုစာချွန်လွှာများ  လက်မှတ်ရေးထိုးမှုသည် စီးပွားရေးအခက်အခဲများကို ဖြေရှင်း ရန်နှင့် အလုပ်အကိုင်ဖန်တီးမှုမြှင့်တင်ရန် ပြည်တွင်းနှင့် နိုင်ငံတကာ မိတ်ဖက်များထံမှ ရင်းနှီးမြှုပ်နှံ မှုများ ပိုမိုရရှိလာစေရန် အာဖဂန်အစိုးရ၏ ကြိုးပမ်းမှုတစ်ရပ်ဖြစ်ကြောင်း စောင့်ကြည့် လေ့လာသူ များက သုံးသပ်ပြောကြားသည်။ 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အောင်ကျော်ကျော်

No comments

Powered by Blogger.