အလုံမြို့နယ်၌ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဌာန အလုပ်ရုံများနှင့် ပစ္စည်းစီမံရေးဌာနဂိုဒေါင်များ စစ်ဆေး

 



ရန်ကုန် စက်တင်ဘာ ၁၇

 

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းဥက္ကဋ္ဌ ဦးအောင်ကျော်ဦးသည် ရုံးချုပ်မှ အထွေထွေမန်နေဂျာများ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက အလုံမြို့နယ် အောက်ကြည့်မြင်တိုင်လမ်းနှင့် နှင်းဆီကုန်းလမ်းရှိ ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ၂၄ နာရီ ဓာတ်အားဖြန့်ဖြူးရေးဌာန၊ မြေအောက်ကြိုးဌာန၊ ကောင်းကင်ဓာတ်အားလိုင်းဌာန၊ လမ်းမီးဌာနနှင့် ထရန်စဖော်မာ ထိန်းသိမ်းပြုပြင်ရေးဌာနများ၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေနှင့် ပစ္စည်းစီမံရေးဌာနက သိုလှောင်ထိန်းသိမ်းထားသည့် တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းသုံးပစ္စည်းများကို ကြည့်ရှုစစ်ဆေးသည်။

 

ထိုသို့စစ်ဆေးစဉ် လာမည့်နွေရာသီကာလတွင် လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးနိုင်ရေးအတွက် လိုအပ်သည်များမှာကြား ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ထို့နောက်ဖြန့်ဖြူးရေးဌာနအောက်ရှိ ၂၄ နာရီဓာတ်အားခွဲရုံများ ပြုပြင်ထိန်းသိမ်းရေးဌာနစု၊ ထရန်စဖော်မာထိန်းသိမ်းပြုပြင်ရေးဌာနစု၊ ကောင်းကင်ဓာတ်အားလိုင်းဌာနစု၊ မြေအောက်ဓာတ်ကြိုး ဌာနစု၊ လမ်းမီးဌာနစုများမှ ဝန်ထမ်းများနှင့်တွေ့ဆုံကာ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ အရန်ပစ္စည်းများ ထိန်းသိမ်းထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြား သည်။

 

ထို့နောက် ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ပစ္စည်းသိုလှောင်ရေး ဂိုဒေါင်များအလိုက် ပစ္စည်းအသစ်များ၊ ဆယ်တင်ပစ္စည်းများ ထိန်းသိမ်းထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ချစ်ဆောင်

No comments

Powered by Blogger.